အရုဏ် မုန့်ဟင်းခါးဆွမ်းအလှူရှင်............................
နေ့ဆွမ်းကိုတော့ ကမ္ဘာအရပ်ရပ်မှ မေတ္တာရှင်ပြည်သူများရဲ့ ချွေးနှဲစာနဲ့ စုပေါင်းလှူဒါန်းကြပါတယ်.
ဆွမ်း+ပဲအလှူရှင်ကတော့ ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး) မန္တလေးမှဖြစ်ပြီး ဆွမ်းဟင်းများကတော့ ၀က်သားနှင့်အာလူး၊ ပဲတီချဉ်နှင့် ငရုတ်သီးငါးပိကြော်တို့ဖြစ်ပါတယ်.
ဝေယျာဝစ္စ အဖွဲ့ဝင်များကတော့ ဒေါ်စန္ဒင်္သီ၊ ဒေါ်စရဏမဉ္စရီ၊ ဒေါ်ဧသီကကျောင်းမှ ဆရာလေး( ၅)ပါးနှင့် ဒေါ်ကြည်ဌေး၊ မအိုမီ+မောင်ဇော်မျိုး ၊မောင်ဇင်မင်း ၊မောင်ဖိုးငယ် ၊ တို့ဖြစ်ကြပါတယ်။
Monday, March 29, 2010
မတ်လ ၂၉ ရက် တနင်္လာဆွမ်းလောင်းပတ်အလှူ...
အသက်နဲ့ထပ်တူ မြတ်သောရေအလှူ...
အသက်နဲ့ထပ်တူ မြတ်သောရေအလှူဆိုတဲ့ ခေါင်းစဉ်လေးကို ဖတ်လိုက်ရရင်ကို ရေလှူတဲ့အကျိုးကျေးဇူး ဟာ အသက်ကို ပေးလှူရာရောက်တယ်ဆိုတာ မြင်သာထင်ရှားပါတယ်။ ထမင်းအသက်(၇)ရက် ရေအသက် တစ်မနက်ဆိုတဲ့ စကားကလည်း ရေရဲ့ အကျိုးကျေးဇူး များပြားပုံကို ဖော်ပြပေးနေတာပါ။ ဒီလိုတန်ဖိုးရှိတဲ့ ရေဒါနကုသိုလ်ကို ပေးလှူတဲ့သူတွေဟာ သူတစ်ပါးတွေရဲ့ အသက်ကို ပေးလှူရာ ရောက်တယ်ဆိုတာလည်း မှားအံ့မထင်ပါ။ ရေရှားပါးနေတဲ့နေရာမှာ ရေရဲ့တန်ဖိုးဟာ ရွှေပါပဲ။ ရေမရှိတဲ့နေရာ၊ ရေလိုအပ်တဲ့နေရာမှာ ဘယ်လိုမှ လူတွေ အသက်ရှင်သန်အောင် မနေနိုင်ပါဘူး။
ဘယ်အလုပ်လုပ်မလည်း၊ ဘယ်အပင်စိုက်မ လည်း၊ ဘယ်အရာတွေကိုပဲ လုပ်လုပ်ပါ ရေနဲ့ကင်းကွာပြီးလုပ်ရတဲ့ အလုပ်ဆိုတာ အင်မတန်ရှားပါတယ်။ ဘုရားသောက်တော်ရေကပ်တာ၊ ဆွမ်းထမင်းဟင်းချက်တာ၊ တကိုယ်ရေသန့်ရှင်းရေး ပြုလုပ်တာ၊ နောက်ဆုံး မျက်နှာသစ် သွားတိုက်တာကအစ ရေမပါရင် မဖြစ်တဲ့ အခြေအနေပါ။ နောက်ပြီး ရေလှူတဲ့အကျိုးဟာ ထာဝရတည်မြဲတဲ့အလှူလို့ ပြောလို့ရပါတယ်။ ကိုယ်လှူလိုက်တဲ့ ရေတွင်းရေကန် ခိုင်မြဲနေသမျှကာလပါတ်လုံး အလှူ့ရှင်တွေအတွက် နေ့စဉ်ရေလှူတဲ့ ဒါနကုသိုလ်တွေ ရပြီးရင်ရနေတာပါ။ နေ့စဉ်နဲ့အမျှ ကုသိုလ်တွေတိုးပွားစေတဲ့ မြတ်သောဒါနလို့လည်း ပြောလို့ရပါတယ်။ ကုသိုလ်ပဒေသာပင်ကြီး စိုက်ပျိုးထားတဲ့ သစ်ပင်တစ်ပင်လိုပါပဲနော်။ ပဒေသာပင်ဆိုတဲ့ ကုသိုလ်အပင်ကြီး မယိုင်လဲသမျှ ကာလပါတ်လုံး ကုသိုလ်တွေခူးဆွတ် စားနိုင်သလို ရေအလှူဟာလည်း နေ့စဉ်မပြတ် ကုသိုလ်တွေကို ခူးယူစားသောက် နေရတာပါ။
သီတဂူဆရာတော်ဘုရားကြီး ဟောကြားထားတဲ့ နတ်ပြည်ရောက်ကြောင်း ကောင်းမှုတရား (၅)ပါးထဲမှာ ရေအိုးစဉ်တည်ပြီး ရေချမ်းလှူခြင်း၊ ရေတွင်းရေကန် ဆည်မြောင်းကန်ချောင်းများ တူးဖော်လှူဒါန်းခြင်းဆိုပြီး ၂ခုအဖြစ် ပါဝင်ပါတယ်။ ဒီအချက်နှစ်ချက်ဟာ နတ်ပြည်ရောက်ကြောင်း အချက်ငါးချက်ထဲမှာ ပါဝင်တဲ့ အတွက် ရေလှူဒါန်းတဲ့လူတွေ မတောင်းလည်း အလိုလို ပြည့်စေမယ့် အကျိုးကျေးဇူးတွေပါ။ ကျန်တဲ့ သုံးခုကိုပြန်ကြည့်မယ်ဆိုရင်လည်း ဥယျာဉ်စိုက်ခြင်း၊ တောသစ်ပင်စိုက်ခြင်း၊ တံတားဖောက်လမ်း ဆောက်ခြင်းတဲ့။ ကျန်တဲ့သုံးခုကို ပြုလုပ်လှူဒါန်းမယ် ဆိုရင်လည်း ရေနဲ့ကင်းကွာလို့ မရနိုင်ပါဘူး။ ဥယျဉ်စိုက်မလား၊ ရေလိုတာပါပဲ။ တောသစ်ပင်စိုက်မလား၊ ရေလိုပြန်တာပါပဲ။ တံတားဆောက်ဦးမလား၊ ဘိလပ်မြေဖျော်တာကအစ ရေကလိုနေပြန်တာပါနော်။ ဒါ့ကြောင့်လည်း ကုသိုလ်တွေရဲ့ အစတည်ရာဟာ ရေရဲ့အသုံးဝင်ပုံ အကျိုးကျေးဇူးများပုံက စမယ်ဆိုရင်လည်း မှားအံ့မထင်ပါ။ သံဃာတော်မြတ်တွေအတွက် ဆွမ်းချက်ကပ်လှူဒါန်းမလား၊ ဘုရားရေချမ်းကပ်မလား၊ ဘုရားပန်းကပ်မလား၊ ကုသိုလ်တွေရဲ့ ကောင်းမှုအခြေခံတွေဟာ ရေကစတာပါနော်။ ဒ့ါကြောင့် ရေလှူတဲ့အကျိုးဟာ ကုသိုလ်တရားအားလုံး လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်းပေးနေတဲ့ မရှိမဖြစ် အသုံးဝင်နေတဲ့အရာ တစ်ခုပါ။ တရားကျင့်တရားထိုင်နေတဲ့ လူအတွက် ကြည့်ပြန်မယ်ဆိုရင်လည်း ကံ၊ စိတ်၊ ဥတု၊အဟာရ ဆိုတဲ့ (၄)ပါးနဲ့ ညီညွတ်မှတရားအားထုတ်ရ လွယ်ကူပြီး တရားရနိုင်တာပါ။
လိုအပ်နေတဲ့ ရေအဟာရအပြည့်အစုံမရှိပဲနဲ့ ဒီအချက်(၄)ချက် မညီညွတ်နိုင်ပါဘူးနော်။ ဒါ့ကြောင့်လည်း နိဗ္ဗာန်သွားမယ့်လူတွေအတွက် အဟာရဖြည့်စွမ်းပေးတဲ့ ဒါနကုသိုလ်လို့ ပြောလို့ရပါတယ်။ ရေရဲ့အကျိုးကျေးဇူးများပုံကို လယ်တီဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ယခု မျက်မှောက် ကာလမှာ ကိုယ်တိုင်စွမ်းဆောင်ပြနိုင်ခဲ့တာပါ။ အင်္ဂလိပ်တွေ အုပ်ချုပ်တဲ့ အချိန်အခါကာလတုန်းက လယ်တီဆရာတော် ဘုရားကြီးဟာ အနှစ်၂၀လုံးလုံး ရေထမ်းပြီးတော့ သံဃာတော်မြတ်တွေကို ဒါနပြုခဲ့ပါ တယ်။ အဲ့ဒီ့ရေဒါနရဲ့ အကျိုးကျေးဇူးကြောင့်ပဲ မိုးခေါင်တဲ့အရပ်တွေမှာ လယ်တီဆရာတော်ဘုရားကြီး ခြေချတာနဲ့ မိုးရွာပေးရတဲ့ အကျိုးကျေးဇူးတွေ ရရှိစေခဲ့ပါတယ်။ အင်္ဂလိပ်တွေကိုယ်တိုင် လယ်တီဆရာတော် ဘုရားကြီးရဲ့ ရေလှူတဲ့အကြောင်းတရားကြောင့် ရရှိတဲ့အကျိုးတရားတွေကို အံ့မခမ်းစွာဖြင့် အလေးအမြတ် ပြုခဲ့ရတာပါ။ ဒါ့ကြောင့်လည်း ရေလှူတဲ့လူတွေဟာ မိုးတောင်းတလည်း ပြည့်ရတယ်ဆိုတဲ့ ရေလှူရတဲ့ အကျိုးကို ရစေတာပါ။ ဒီအကြောင်းရာကတော့ အင်္ဂလိပ်ခေတ်လက်ထက် လယ်တီဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ရေလှူတဲ့အကျိုးကြီးပုံကို စွမ်းဆောင်ပြသွားခဲ့တဲ့ သာဓကပြစရာ အချက်တစ်ချက်ပါ။ ရေလှူတဲ့အကျိုးကျေးဇူးကို လူအများသိစေဖို့ ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် လုပ်ဆောင်ပြသွားတဲ့ ရေဒါနရဲ့ အကျိုးပါနော်။
သီတဂူဆရာတော် ဘုရားကြီးဟောကြားတဲ့ တရားတော်မှာ ရေလှူတဲ့သူတွေ ရစေနိုင်တဲ့ အကျိုးတရား (၁၅)မျိုးကိုလည်း အားတက်ဖွယ်ရာ ဖော်ပြပေးထားပါတယ်။ ရေလှူဒါန်း ဒါနပြုဖူးတဲ့သူတွေ လက်ရှိဘ၀မှာရော နောက်မဂ်ဖိုလ်နိဗ္ဗာန်မစံဝင်သမျှ ကာလပါတ်လုံးမှာပါ ခံစားရရှိနိုင်တဲ့ အကျိုးတရားတွေကို ဖော်ပြထား တာပါ။
(၁) ဂန္တာတောင်များရေမရှား ကြိုးစားရေလှူပါ။
(၂) ပူဆာရေရှားကင်းလိုငြား ကြိုးစားရေလှူပါ။
(၃) မိုးတောင်းတကား မိုးရွာငြား ကြိုးစားရေလှူပါ။
(၄) သန့်ရှင်းလိုငြား အမျိုးသား ကြိုးစားရေလှူပါ။
(၅) ကျန်းမာလိုငြား အမျိုးသား ကြိုးစားရေလှူပါ။
(၆) နံ့သာအလား မွှေးကြိုင်ြငား ကြိုးစားရေလှူပါ။
(၇) ကိလေသာများ သန့်ရှင်းငြား ကြိုးစားရေလှူပါ။
(၈) ကျော်စောထင်ရှား တန်ခိုးထွား ကြိုးစားရေလှူပါ။
(၉) ခြံရံပေါများ လွန်စည်ကား ကြိုးစားရေလှူပါ။
(၁၀) လျှင်မြန်ပေါ့ပါး အကျိုးများ ကြိုးစားရေလှူပါ။
(၁၁) သက်ရှည်လိုငြား အမျိုးသား ကြိုးစားရေလှူပါ။
(၁၂) လှပလိုငြား အမျိုးသား ကြိုးစားရေလှူပါ။
(၁၃) ဥစ္စာပေါများ ပေါကြွယ်ငြား ကြိုးစားရေလှူပါ။
(၁၄) ကာယခွန်အား ခိုင်လိုငြား ကြိုးစားရေလှူပါ။
(၁၅) ဥာဏစွမ်းအား ကြီးလိုငြား ကြိုးစားရေလှူပါ။
အထက်ဖော်ပြပါ (၁၅)ချက်ကတော့ ရေလှူတဲ့သူတွေ မတောင်းလည်း အပြည့်အ၀ရရှိမယ့် အကျိုးတရားတွေပါ။ ရေလှူတဲ့ အကျိုးတရားတွေကို ဖော်ပြပေးတာဟာ အကျိုးတရားတွေမှာ သာယာတက်မက် နေဖို့ မဟုတ်ပါဘူး။ ရေလှူတဲ့အကျိုးတရားတွေရဲ့ အကျိုးကြီးမားပုံကို သိစေချင်တဲ့အတွက်ပါ။ ကိုယ်လှူလိုက်တဲ့ အလှူဒါနလေးဟာ အုတ်တချပ်သဲတပွင့်ပမာ နည်းချင်နည်းပေမယ့် နှမ်းတစေ့နဲ့ ဆီမဖြစ်နိုင်သလိုပါပဲ။ နည်းတယ်များတယ်မဟုတ်ပါဘူးနော်။ ၀ိုင်းဝန်းစုပေါင်းပြီး တတ်နိုင်တဲ့ ဘက်ကနေ တတပ်တအား ပါဝင်လှူဒါန်းမှသာ ဒီလိုမျိုး အလှူဒါနဆိုတာ ဖြစ်လာနိုင်တာပါ။ ဒါ့ကြောင့် အလှူဒါနပြုတဲ့သူတွေ အားလုံးဟာလည်း ကိုယ်လှူလိုက်တဲ့ ဘယ်အလှူမဆို နည်းတယ်များတယ်လို့ သဘောမထားပဲ လှူလိုက်တဲ့ ဒါနကုသိုလ်အပေါ်မှာ ပြန်လည်သတိတရရှိပြီး ပြန်လည်ကုသိုလ်ပွားများစေဖို့ လိုအပ်ပါတယ်။ နောက်ပြီး ပြန်စဉ်းစားလိုက်တိုင်း ကိုယ်လှူလိုက်တဲ့ ငွေကြေးလေးနဲ့ ရေအလှူတစ်ခု ဖြစ်မြောက်သွားတယ်ဆိုတာကို သတိတရရှိစေချင်တဲ့ အတွက်ပါ။ ဒီလှူလိုက်တဲ့ ရေဒါနကြောင့် ဒီရေကို သောက်နေတဲ့ လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ ဆာလောင်မှုဝေဒနာတွေကို တဒင်္ဂငြိမ်းပေးနိုင်တယ်ဆိုတာကို အမြဲသတိတရရှိပြီး ရင်ထဲမှာ ၀မ်းသာပီတိ ဂွမ်းဆီထိသလို ကြည်နူးစေဖို့အတွက်ပါ။ ဒါနကုသိုလ်အစုစုကို လှူဒါန်းမှုပြုတဲ့ ကုသိုလ်ရှင်အားလုံးအတွက် ကိုယ်လှူလိုက်တဲ့ ရေဒါနအပေါ်မှာ ပြန်လည်ကုသိုလ် ပွားများစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
မိဘများကို အမှူးထား၍ ယူအက်စ်အေမှ ဒေါ်တင်တင်လှိုင်နှင့် မိသားစုက လီတာ ၅၀၀ ဆန့် ရေသန့်စက်ကို မတ်လ ၂၆ ရက်၊ သောကြာနေ့က စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းနဲ့ ကွန်ပြူတာသင်တန်းကျောင်းအတွက် လှူဒါန်းသွားပါတယ်.
အသက်နဲ့ထပ်တူ မြတ်သောရေအလှူဆိုတဲ့အတိုင်း သူတစ်ပါးတွေရဲ့ အသက်ကိုပေးလှူသော ရေဒါနကုသိုလ်အလှူအတိုင်း မိမိရဲ့အသက်ကိုလည်း အမြဲတမ်း မသေရာဖြစ်တဲ့ အမတနိဗ္ဗာန်သို့ တက်လှမ်းနိုင်တဲ့ အထောက်အပံ့ကုသိုလ်တွေ ဖြစ်ပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။
Thursday, March 25, 2010
မြရတနာ တွင် သာဓုခေါ်နိုင်ရန်
၂၈.၃.၂၀၁၀ ရက်နေ့တွင် မြရတနာ တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ၊ လမ်းဖွင့်ပွဲ ၊ကလေးငယ်များ
အတွက် စာရေးဆရာမ ချောအိမာန် (မန္တလေး) နှင့် သူငယ်ချင်းများအဖွဲ့ကဦးဆောင်ပြီးတော့
ကျောင်းသား။ကျောင်းသူများအတွက်...............ကျောင်းစိမ်းဝတ်စုံ အထည် 80
အသက်ကြီး အဖိုး အဖွား များအတွက် ..............၀တ်စုံ 15 စုံ
ကလေးများ နှင့် မြရတနာ မှ ရွာသူရွာသားများအတွက်ကလေးဝတ်၊ လူကြီးဝတ်၊ ၀တ်စုံ 50 ကံစမ်းမဲ ဖေါက်ပေးမည်
ကလေးများအတွက် ကျောင်းသုံး ဗလာစာအုပ် ဒါဇင် 100၊ ဆုရကလေးများအတွက် ကျောပိုးအိတ် 3 လုံးနှင့်
ကျောင်းစိမ်းဝတ်စုံ နှင့် ကျောင်းအသုံးအဆောင် ပစ္စည်းများ ကျောင်းဖတ်စာ စာအုပ် 3 စုံ တို့အား လှူဒါန်းထောက်ပံ့ကြမည် ဖြစ်ပါသည်။
ထိုနေ့မှာပဲ စာပေဟောပြောပွဲတွင် အောက်ပါစာရေးဆရာများဖြင့် စာပေဟောပြောပွဲကျင်းပမည်ဖြစ်ပါတယ်။
ဆရာညီစေမင်း၊ ဆရာ ဦးဘုန်း(ဓာတု)၊ ဆရာ ဇော်ခိုင်ဦး၊ ဆရာမ ချောအိမာန် (မန္တလေး)တို့မှ ကလေးငယ်များအား သင်တန်း အချိန်အတွင်းတစ်ပတ်လျှင် ၁ရက် အဟာရ တိုက်ကျွေးမည်ဖြစ်ပါတယ်။
အဆိုပါသင်တန်းများအတွက် ပါရမီဖြည့်ဆည်းလှူဒါန်းနိုင်ကြကြောင်းနှိုးဆော်လိုက်ပါတယ်။
ဘလော့ဂါ ကိုရန်အောင် ရဲ့ မိတ်ဆွေများမှလည်း ခြောက်သောင်းကျပ် လှူဒါန်းထားပါတယ်။
ဆက်လက်ပြီးမြရတနာမှာ မိုးအခါဆိုရင်လမ်းမှာရေ၀ပ်ပြီး သွားရေးလာရေးအလွန်ခက်ခဲကြောင်းသိရပါတယ်။
အဲဒီအတွက် မြရတနာမှ လူငယ်အချို့ဦးဆောင်ပြီး လမ်းခင်းဖို့ကြိုးစားကြတယ်။ လမ်းခင်းဖို့ ကျောက်ပျော့ ကားတစ်စီး ကိုတစ်ထောင်ကျပ်နဲ့ ရတာဆိုတော့ သူတို့ဦးဆောင်တာ ကား ၁၃ စီးစာပဲရတယ်။ အဲဒီနောက်ဦးဇင်းထံသို့လာရောက်အကူအညီတောင်းကြတယ်။ ကား၅၀ လောက်ကုန်မယ်။ အဲဒီမှာ ကား ၃၃ စီး
အတွက်လိုနေတယ်။ အဲဒီအချိန် ကိုထက်ထံသို့ ဖုန်းလှမ်းဆက်လိုက်တယ်။ ကိုထက်နှင့်ကိုဖြိုးတို့မှ ကျန်သော
ကား ၃၃ စီးအတွက်လှူမယ်ဆို ၍ အဆင်ပြေသွားခဲ့တယ်။ အခုတော့လမ်းဖွင့်ပွဲကိုပါ ၂၈. ၃. ၂၀၁၀ ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။ လမ်းကတော့ မြင့်သွားပေမဲ့ ဘုန်းကြီးကျောင်းဝင်းကတော့ နိမ့်နေတယ်။ မိုးအခါမှာ ကျောင်းထဲရေ၀ပ်နိုင်ပါတယ်။ ကျောင်းထဲမှာ ကျောက်မြေထပ်ချရင် နောက်ထပ် အစီး ၅၀ စာကုန်ကျနိုင်ပါတယ်လို့ခန့်မှန်းကြပါတယ်။ ကားတစ်စီးလျှင် တစ်ထောင်ကျပ်နှုန်းဖြင့်လှူဒါန်းနိုင်ကြပါတယ်။
စက်များထားရှိရန်အတွက် စက်ခန်းအား ကိုဖြိုး၊ ကိုထက်မှ အောက်ခံဖောင်ဒေးရှင်အားမတည်ဆောင်ရွက်ခဲ့ပါတယ။် အပေါ်ပိုင်း အမိုးအကာများ ဆက်လက်ဆောင်ရွက်နိုင်ရန် စစ်းကိုင်းမြို့ ပတြာ ဦးမြကြည် + ဇနီး (သား) ဇာတ်မင်းသား လှိုင်ဘွားအောင် တို့မိသားစု မှ သုံးသောင်းကျပ်လှူဒါန်းထားပါတယ်။ စက်ခန်းအတွက် ခန့်မှန်းကုန်ကျစားရိတ် ၁၀ သိန်း ကျပ်ဖြစ်ပါတယ်။
အလှူရှင် ကိုဖြိုး ၏ အပြုံးပီတိ
စတုဒီသာ ကျွေးမွေး
ထမင်းရည်ချောင်းစီး မောင်းတီးပြီး လှုတတ်တဲ့ ဦးဇင်းတို့မြန်မာလူမျိုးတွေရဲ့ လှပတဲ့ ယဉ်ကျေးမှုကို ဒီညနေမှာ မြင်လိုက်ရပြန်ပြီလေ။
အလှုရှင်ကတော့ ကိုဖြိုးနဲ့ကိုထက် ဆိုပေမယ့် အားလုံးက ရေတွင်းအလှုမှာ ညီရင်းအကိုတွေကလိုဖြစ်နေကြတော့ ဝိုင်းကြဝန်းကြနဲ့ ရပ်ကွက်သူရပ်ကွက်သားတွေတောင် အလှုရှင် ဘယ်သူဆိုတာ မျက်စေ့ လည်သွားကြတယ်။
ဝက်သားတုံးတွေကလဲ တကယ့်ကို ကြီးကြီး၊ သရက်ချဉ်သုပ်ကလဲ အအီပြေ၊ အာဟာရပြည့် ပဲနှပ်နဲ့ မြိန်ရည်ယှက်ရည် စားနေကြတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေကိုကြည့်လိုက် ဓါတ်ပုံမှတ်တမ်းတင်လိုက်နဲ့ ဦးဇင်းလဲ အတော် ပင်ပန်းသွားတယ်၊
လူတွေကလဲ စားလိုက်ကြတာရယ်လေ တကယ့်ကို အားရပါးရပဲ ။ အခု စာဖတ်နေတဲ့ ဒကာ/ဒကာမ ကို တကယ့် ကို မြင်စေ့ချင်မိတယ် ။ အလှုရှင်တွေက ရပ်ကွက်သူရပ်ကွက်သားတွေအပေါ် ရင်းရင်းနှီးနှီး နောက်လိုက်ပြောင်လိုက်နဲ့ စားကြသောက်ကြ ထမင်းတွေထည့်ပေးလိုက် ဟင်းတွေ လိုက်ဖြည့်ပေးလိုက်နဲ့ ဝမ်းမြောက်စရာပါပဲ။
ဆရာဦးဘုန်း(ဓါတု) - ရေအိုင်ထဲကဖား
ဆရာဇော်ခိုင်ဦး - စာနာလမင်း
ဆရာမချောအိမာန်(မန္တလေး) - ဘယ်လိုလျှောက်ကြမလဲ
ကိုသစ်ကို - သန့်လေးသန့်ပညာပေး
ညီလရောင် - သားဆက်ခြားပညာပေး
စစ်ကိုင်းမြို့နယ် ၊ မြရတနာ ရပ်ကွက်မှာ ကိုကြီး (စင်ကာပူ) ကောင်းမှုနဲ့ အ၀ီစိရေတွင်းတူးဖော်အောင်မြင်ခဲ့ပါပြီ
Monday, March 22, 2010
(၂၂.မတ်လ.၂၀၁၀)တနလာင်္နေ့ ကိုမင်းကျော်သူ ၊ မစုစုလှိုင်မြင့် နဲ့ သမီး မမြတ်သဒ္ဓါသူ မိသားစု(စင်္ကာပူ)မှ (နေ့ဆွမ်းအလှူ )

ယနေ့ ၁၃၇၁ခု တန်ခူးလဆန်း(၈) ရက် ဥပုသ်နေ့ တနင်္လာနေ့ ၂၂.၃.၂၀၁၀
အရုဏ် မုန့်ဟင်းခါးဆွမ်းအလှူရှင် .............................နော်ဝေ
နေ့ဆွမ်းအတွက် ဆွမ်းနှင့်ပဲအလှူရှင်ကတော့ ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး)၊ မန္တလေးမှ ဖြစ်ပါတယ်.
(၂၂.မတ်လ.၂၀၁၀)တနလာင်္နေ့
ကိုမင်းကျော်သူ ၊ မစုစုလှိုင်မြင့် နဲ့ သမီး မမြတ်သဒ္ဓါသူ မိသားစု(စင်္ကာပူ)မှ
(နေ့ဆွမ်းအလှူ )ဖြစ်ပါတယ် ဘုရား။
ဆွမ်းဟင်းများကတော့ ၀က်သား+အာလူး၊ ပဲတီချဉ်သုတ်နှင့် ငရုတ်သီးဘာလချောင်ကြော်တို့ ဖြစ်ပါတယ်.
ဝေယျာဝစ္စများကတော့ ဒေါ်ဝိလာသီ (အောင်မြေသာစံ)၊ ဒေါ်စန္ဒသိင်္ဂီ (သိဒ္ဓိမော်ချောင်)၊ ဒေါ်ဧသိကကျောင်းမှ ဆရာလေး ၅ ပါး၊ ဒေါ်ကြည်ဌေး ၊ မအိုမီ+မောင်ဇော်မျိုး ၊ မောင်ဇင်မင်း ၊ မောင်ဖိုးသား ၊ မောင်စိုးမင်းအောင် တို့ဖြစ်ကြပါတယ်။




Saturday, March 20, 2010
ဦးသောင်းညွန့်+ဒေါ်နော်ဆဲဖော မိသားစု ၊ ကိုရဲရင့်နီ+မချိုးချိုး တို့၏အလှူ။

အရုဏ်ဆွမ်း...
(မုန့်ဟင်းခါးဆွမ်း )
နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို အမှူးထား၍ ဦးသောင်းညွှန့်+ဒေါ်နော်ဆဲဖော မိသားစု
နေ့ဆွမ်း......
(ဆွမ်း ၊ဘဲဥချဉ်ဟင်း ၊ ပဲနီသုတ် ၊ အစိမ်းကြော် ၊ငရုတ်သီးပါလချောင်ကြော်)
နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို အမှူးထား၍ မောင်ရဲရင့်နီ+မချိုးချိုး တို့မှ လှူဒါန်းခဲ့ကြပါတယ်။
မနေ့ညက စစ်ကိုင်းမှာမိုးရွာတော့ မနက်ခင်း မိုးအေးအေးနဲ့ မုန့်ဟင်းခါးဆွမ်းကို အလွန် ဘုန်းပေးကြပါတယ်ရှင်။
မွေးနေ့အလှူရှင်နဲ့တကွ မိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြီးပြည့်စုံပြီး ၊မိမိတို့ပြုသော အလှူအတွက် ၀မ်းမြောက်ဝမ်းသာစွာ သာဓုခေါ်ဆိုနိုင်ကြပါစေ
ဒီနေ့အလှူဖြစ်မြောက်ဘို့အတွက် ဆောင်ရွက်ပေးခဲ့ကြသော ဦးဇင်းဦးကောဝိဒနဲ့အတူ စစ်ကိုင်းတောင်ရိုးမှ ဝေယျာဝစ္စ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။







