Saturday, January 30, 2010
Mr.Lewis - hmwe (စင်ကာပူ) တို့၏ ဆွမ်းလောင်းလှူပွဲ
သာသနာသက္ကရာဇ် ၂၅၅၃ ခုနှစ် တပို့တွဲ လပြည့်ကျော် ၁ ရက်၊ ၃၀-၁-၂၀၁၀ စနေနေ့
အရုဏ်ဆွမ်း+နေ့ဆွမ်း အလှူရှင် (Mr. Lewis's birthday donation)
Mr. Lewis+ မွှေး (စင်ကာပူ)
အရုဏ်ဆွမ်း - မုန့်ဟင်းခါး
နေ့ဆွမ်း - ဘဲဥချဉ်ဟင်း၊ အစိမ်းကြော်၊ ပဲနီသုတ်၊ ငါးပိ+ငရုတ်သီးကြော်၊ ဆွမ်းထမင်း
ဝေယျာဝစ္စဒါန
-ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)၊ ဦးအာဒိစ္စ (ဖျာပုံကျောင်း)
-ဆရာကြီး ဒေါ်စန္ဒသီင်္ဂီ (သိဒ္ဓိမော်ချောင်)၊ ဒေါ်စရဏမဉ္စရီ (သိပ္ပမဉ္စရီချောင်)၊ အောင်မြေမင်္ဂလာချောင်မှ သီလရှင် ဆရာကြီးဆရာလေး ငါးပါး
-မဇင်မာငြိမ်း၊ ဇင်မာထွေး
မနေ့က လပြည့်နေ့မို့ ပံ့သကူသား အဆင်မပြေတာကြောင့် ဘဲဥချဉ်ဟင်းနဲ့ အစိမ်းကြော် ဆက်ကပ်ပါတယ်။ အရုဏ်ဆွမ်း မုန့်ဟင်းခါးကို သံဃာ၊ သာမဏေများ အဝ ဘုဉ်းပေးသုံးဆောင်စေပြီး နေ့ဆွမ်း ကပ်လှူပါတယ်။ အပြင်မှာ ဆွမ်းလောင်းခိုက် အထဲမှာလဲ အရုဏ် ဘုဉ်းမပေးရသေးတဲ့ သံဃာတွေ ဆက်လက် သုံးဆောင်နေပါတယ်။
အခုလို ကြားရက်မှာ ဆွမ်းလောင်းတာကို သိနိုင်ဖို့ ကျောင်းအရှေ့တွင် ဒေါ်နန်းသန္တာအောင် လှူဒါန်းထားသော မီးစလောင်းကြီးအား ဆွမ်းလောင်းသည့်နေ့မှာ ထွန်းထားပါတယ်။ မီးစလောင်းကြီး ထွန်းထားတာ မြင်ရင် ဒီနေ့ ဆွမ်းလောင်းရှိကြောင်း သံဃာများ လှမ်းမြင်သိရှိပြီး ဆွမ်းခံ ကြွလာကြပါတယ်။ တနင်္လာနေ့တိုင်း ဆွမ်းဝတ်ရှိမှန်း သိကြပေမယ့် ကြားရက်မှာ အလှူရှင် ရှိရင် သံဃာများ သိရှိနိုင်ရန် ဖြစ်ပါတယ်။
ပဲနီပြားကို ဒီတစ်ရက် အပြောင်းအလဲအဖြစ် အသုတ် စီမံပါတယ်။ သံဃာတို့အကြိုက် ငါးပိငရုတ်သီးကြော်လဲ တစ်ခွက် ဆက်ကပ်ရပါတယ်။ သံဃာတန်းကတော့ ထုံးစံအတိုင်း ရှည်လျားပါတယ်။ ဒါပေမယ့် ကိုရင်လေးတွေ ကလေးဘာဝ သပိတ်လေးတွေ ပိုက်ရင်း တိုးတာခွေ့တာမှတစ်ပါး သံဃာတော်တွေပီပီ စိတ်ရှည်ရှည် ဆွမ်းရပ်ခံယူတော်မူကြပါတယ်။
မနေ့က သြဝါဒပါတိမောက်နေ့၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ကို ဧတဒဂ် ချီးမြှောက်ပြီး လက်ဝဲရံ လက်ယာရံ အဂ္ဂသာဝက ထားတော်မူတဲ့နေ့ ဖြစ်တဲ့အတွက် သာသနာတော်အတွက် အထူးအရေးပါခဲ့တဲ့ တပို့တွဲလပြည့်နေ့ပြီး နောက်တစ်ရက်မှာ သံဃာများကို ဆွမ်းဦး ကပ်လှူရတာ အလွန် ဝမ်းမြောက်စရာ ကောင်းလှပါတယ်။
Monday, January 25, 2010
ဒေါ်တင်တင်လှိုင်မိသားစု ဒါန (၂၅-၁-၁၀)




သာသနာသက္ကရာဇ် ၂၅၅၃ ခု တပို့တွဲ လဆန်း ၁၁ ရက် တနင်္လာနေ့။ ၂၅-၀၁-၁၀။
(အရုဏ်+နေ့ဆွမ်းအလှူရှင်) မိဘနှစ်ပါးကို ရည်စူး၍ ဒေါ်တင်တင်လှိုင်မိသားစု (အမေရိကန်)
အရုဏ်ဆွမ်း-မုန့်ဟင်းခါး (သံဃာ+ သီလရှင်)
နေ့ဆွမ်း
ဝက်သား+အာလူးဆီပြန်၊ ငါးပိကြော်၊ ဟင်းသီးဟင်းရွက်ချဉ်၊ ပဲနှပ်၊ ဆွမ်းထမင်း
ဟင်းချိုမှုန့်နှင့်ဆားအလှူ (သီလရှင် ၁၀၀ ပါးအတွက်)
ဝေယျာဝစ္စဒါန
-ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)၊ ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးသုဇာတ (ရွှေသမင်ကျောင်း-မန္တလေး)
-ဆရာကြီး ဒေါ်ဝိလာသီ (အောင်မြေသာစံကျောင်း) ဒေါ်စန္ဒသိင်္ဂီ (သိဒ္ဓိမော်ကျောင်း)၊ ဒေါ်စရဏမဉ္စရီ(သုခမဉ္စရီကျောင်း)။ ယမန်နေ့က ကြက်သွန်လာခွာပေးသော ဆရာလေး ၂ ပါး
-ဒေါ်ကြည်ဌေး၊ သမီး ငြိမ်းအိထွေး၊ ကိုဆန်းထွန်း+ မသန်းသန်းဦး၊ မဇင်မာငြိမ်း၊ မဇင်မာထွေး
မနက် ၅ နာရီ ၃၀ မှာ အရုဏ် စကပ်တယ်။ ဒီတစ်ရက် အပါး ၉၀ တစ်သုတ်နှုန်း ကပ်တယ်။ ဌာနကနေ သင်တန်းတက်ဖို့ မန္တလေးကို ရောက်နေတဲ့ စာရေးဆရာ ရွှေလမ်းငွေလမ်းဝင်းကြည်လဲ ဦးစီး ဆွမ်းလောင်းလှူပေးနေပါတယ်။
ပထမသုတ် အပါး ၉၀ စကပ်တော့ ကျန်တဲ့ ကိုရင်လေးတွေ၊ သံဃာတွေလဲ စိတ်ရှည်ရှည် စောင့်ဆိုင်းပေးကြတယ်။ နေ့ဆွမ်းလဲ အားလုံး ချက်ပြုတ်ပြီး အဆင်သင့် ဖြစ်ပါပြီ။ ဝက်သားနဲ့ အာလူးဟင်း ဆီပြန် ချက်ထားတယ်။ ငါးပိကြော်နဲ့ အချဉ်လဲ တစ်ခွက်စီ ပါမယ်။ ပြီးရင် သီလရှင် ဆရာကြီး ဆရာလေး အပါး ၁၀၀ ကိုလဲ အရုဏ် မုန့်ဟင်းခါးဆွမ်း ဆက်ကပ်ပြီး ဟင်းချိုမှုန့်နဲ့ ဆား လှူဒါန်းပါမယ်။
ဆရာဦးဝင်းကြည်က ဆွမ်းကပ်ရင်း ဆရာ့နေရပ် မကွေးက နေ့စဉ် သံဃာ့ဒါနဆွမ်းလောင်းသင်းအကြောင်း ဖောက်သည်ချတယ်။ ''မကွေးမှာ သံဃာက အနည်းဆုံး ၂၅၀၀၊ အများဆုံး ၃၀၀၀ လောက် ရှိတာဆိုတော့ အရုဏ်ဆွမ်းလောင်းတာ ဆန် ၈ အိတ် ချက်ရကြောင်း၊ ဝက်သားနဲ့ ကပ်ရင် ခြောက်သိန်းခွဲ ခုနစ်သိန်း၊ သီးစုံဟင်းဆို သုံးသိန်းခွဲ လေးသိန်း ကုန်ကြောင်းတွေ ပြောပါတယ်။
''နိုင်ငံခြားက ဆရာတော်တစ်ပါးက သိန်း ၁၀၀၀၊ ဆွမ်းပဒေသာပင်စိုက်ထားတယ်။ သံဃာ့ဒါန အသင်းက နှစ်စဉ် စာမေးပွဲလုပ်၊ ဆုချီးမြှင့်တယ်။ ဝန်ထမ်း ၈ ယောက် ရှိတယ်။ နေ့စဉ် ဆွမ်းလောင်းတာ တစ်ခါမှ မပျက်ဖူးဘူး။ သံဃာတွေ မထွက်ရတဲ့ အခါတုန်းကတောင် ကျောင်းတိုက်တွေအရောက် ပို့ပေးတာ။ မနက်ပိုင်းကျရင် ''ဆွမ်းလောင်းရုံကို ကြွပါဘုရား၊ အလှူရှင် ဘယ်သူ့အိမ်ကို ကြွပါဘုရား'' အော်ရသေးတယ်။ ဗျောတီးပြီး အသံချဲ့စက်နဲ့ လှူတာ။ ပြာသိုလ တစ်လလုံးကို ကျောင်းထိုင် ဆရာတော်တွေနဲ့ စာချဆရာတော်တွေက မြို့ထဲ နှစ်စဉ် အလှူခံထွက်တယ်''
နှစ် ၅၀ ပြည့်သွားတဲ့ မကွေး နေ့စဉ် ဆွမ်းလောင်းသင်းအကြောင်း ဆရာ ရွှေလမ်းငွေလမ်းဝင်းကြည် ပြောပြတာပါ။
Monday, January 18, 2010
တပို့တွဲ လဆန်း ၄ ရက် ဆွမ်းလောင်း


နေ့ဆွမ်း
ဝက်သား+ အာလူးဆီပြန်၊ ပဲတီချဉ်သုတ်၊ ပုစွန်ခြောက်ပွ+ငရုတ်သီးကြော်
(မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့)
ဆွမ်းထမင်း + ပဲနှပ် - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
ဆီ- ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
အရုဏ်ဆွမ်း - မုန့်ဟင်းခါး (..............)
ဝေယျာဝစ္စဒါန
-ဦးပညာဝံသ (မန္တလေး မြင်းဝန်မင်းကြီးတိုက်)၊ ဦးသုဇာတ (ရုက္ခမူကျောင်း)၊ ဦးဥာဏဗလ (မြင်းဝန်မင်းကြီးတိုက်)၊ ဦးမာဏ္ဍိတ (ဝါးချက်)၊ ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)
-ဆရာကြီး ဒေါ်စန္ဒသိင်္ဂီ (သိဒ္ဓိမော်ချောင်)
-ကိုဇော်နိုင် (စိုက်/ဘဏ်)၊ ဒေါ်ကြည်ဌေး မိသားစု၊ ကိုဆန်းထွန်း ဇနီးမောင်နှံ
-မြရတနာရွာမှ ကျေးရွာဥက္ကဌနှင့် ဒကာသုံးဦး (ပျံလွန်သူ ရွာဦးကျောင်းဆရာတော်အား ရည်စူး၍ ဝေယျာဝစ္စဒါန)
မနက် ၅ နာ၇ီ ၃၀ မှာ အရုဏ်ဆွမ်း စကပ်နေပါပြီ။ အပါး ၈၀ ဘုဉ်းပေးနေပါတယ်။ ၁၅ မိနစ်လောက် နေတော့ နောက် အပါး ၈၀ တစ်သုတ် ထပ်ကပ်ပါတယ်။
''ကိုဆန်းထွန်း၊ ဟိုဦးဇင်းကြီး ဒီနားပင့်လိုက်''
''ထပ်ထည့်ပါဘုရား''
''ကိုရင် ဒီဘက်ဝင်လိုက်''
''ဟိုမှာ ဦးဇင်းကြီးတွေ ကြွနေပြီ''
''ဘာလိုလဲဘုရား''
ဆက်တိုက် ကပ်နေရပါတယ်။ နေ့ဆွမ်းက ဒီနေ့ ဟင်းရံကို သရက်ချဉ်နဲ့ ပုစွန်ခြောက်ပွကြော် ပြောင်းထားပါတယ်။ မုန်လာချဉ်နဲ့ ငါးပိကြော်အစား လဲလိုက်တာပါ။ ပဲနီနှပ်လဲ ပါတယ်။ ဝက်သားဟင်းကတော့ အာလူးနဲ့ပဲ ဆက်တွဲတယ်။ အရည်သောက် ဆက်ကပ်ချင်ပေမယ့် ဝတ်ခွက်တွေ သပိတ်ထဲမှာ မှောက်မှာဖိတ်မှာ စိုးလို့ မကပ်ဖြစ်သေးပါဘူး။
နေ့ဆွမ်းအတွက် ကိုဖြိုးနဲ့ ကိုထက်က မနေ့က ဆန် ၁၅ အိတ် ထပ်လာလှူသွားတယ်။ မနက် ၆ နာရီ ၁၀မိနစ်မှာ နေ့ဆွမ်း စလောင်းတယ်။ အရုဏ်ဆွမ်းလဲ အပါး ၅၀ ခန့် ဘုဉ်းပေးနေဆဲပါ။ ဘုဉ်းပေးပြီးတာက အပါး ၂၅၀ လောက် ရှိပါပြီ။ မုန့်ဖတ် ၃၅ ပိဿာ မလောက်လို့ ထပ်မှာပါတယ်။
မြရတနာရွာက ကျေးရွာဥက္ကဌ ဦးဆောင်ပြီး ဒကာ လေးဦးဟာ ပျံလွန်သူ ရွာဦးကျောင်းဆရာတော်အတွက် ဝေယျာဝစ္စ ဒါန ပြုချင်လို့ဆိုပြီး ရောက်လာကြတယ်။ မနက်စောစော လာကြပေမယ့် ရွာက လာရတာဆိုတော့ အိုးခွက်ဆေးကြောတာပဲ မှီလိုက်တယ်။ မှီသမျှ လုပ်အားဒါန ပြုသွားပါတယ်။
ဆရာတော်က ပျံလွန်တော်မမူခင်မှာ ရွာက ကလေးငယ်တွေကို အပယ်ခံဘဝက လွတ်အောင်၊ သူတို့ရဲ့ အားငယ်စိတ်တွေ မြင့်မားလာအောင် ကူညီပေးဖို့ ပန်ကြားသွားပါတယ်။
ဒီနေ့ ရွာမှာ ဆရာတော် ရက်လည်ရှိတယ်။ မနေ့က ဇာတ်ဆရာ ပန်တျာမြကြည်နဲ့ သား ဇာတ်မင်းသား လှိုင်ဘွားအောင် ဇာတ်အဖွဲ့က ဇာတ်ကြေး တစ်ဝက် လျှော့ပြီး ဘုန်းကြီးံပျံအတွက် ပွဲကပေးတယ်။ ရွာက ရေစက်က အင်ဂျင်နဲ့ ကွန်ပရက်ဆာထားဖို့ အဆောက်အအုံအတွက် အလှူငွေ သုံးသောင်းကိုလဲ ဇာတ်ခုံပေါ်မှာ လှူသွားတယ်။ ရွာက ချို့ငဲ့တော့ အနီးချုပ်စပ် ရွာတွေက ဆရာတော်ဈာပနအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးပါတယ်။ စစ်ကိုင်းက ဦးဇင်းခြောက်ပါးလဲ စီမံဆောင်ရွက်ဖို့ ကြွသွားတယ်။
ဒီနေ့ မြရတနာရွာမှာ ဆရာတော် ဘုန်းကြီးပျံ ဧယဉ်ကျူးပါမယ်။ ပင့်သံဃာ ၁၆ ပါး ဖြစ်လာတယ်။ ပင့်သံဃာ ၁၃ ပါးအတွက် စစ်ကိုင်း မိုးကုတ် အောင်မင်္ဂလာရိပ်သာ ဆရာတော်က သင်္ကန်း ၁၃ စုံ ကပ်လှူထားပါတယ်။ ကျန်သုံးပါးအတွက် ၃ စုံကို ဦးဇင်း ဦးကောဝိဒက လှူပါမယ်။
Thursday, January 14, 2010
မြရတနာဆရာတော် ပျံလွန်
မြရတနာကျေးရွာမှ ကျောင်းတိုင်ဆရာတော်ဘုရား (၁၃-၁-၂၀၁၀) နေ့  နံနက် (၄)နာရီ (၁၀)မိနစ်တွင် ပျံလွန်တော်မူသွားပါကြောင်း ဓမ္မမိတ်ဆွေများအား အကြောင်းကြားအပ်ပါသည်။
မဥမ္မာဌေး အကြောင်းကြားလာတဲ့စာ ဖြစ်ပါတယ်။
ရဟန်းတော်ဘဝမှာ စွဲကပ်လာတဲ့ အနာကြီးရောဂါ ဝေဒနာကို နှစ်ရှည်ခံခဲ့ရတဲ့၊ ဝေဒနာ ပျောက်ကင်းချိန်မှာလဲ မျက်စိတစ်ဖက် အမြင်ဆုံးရှုံးခဲ့ရတဲ့ ဆရာတော်ဟာ ကင်ဆာရောဂါနဲ့ ဇန်နဝါရီ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့က ပျံလွန်တော်မူသွားပါပြီ။
'' မြရတနာကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဝိမလအား ယနေ့ (၁၅-၁-၂၀၁၀)သောကြာနေ့  နေ့ လည်(၂း၀၀)တိတိတွင် မီးသင်္ဂြီုဟ်ပါမည်''လို့ ဆွမ်းလောင်းအသင်း အလှူရှင်တစ်ဦးဖြစ်တဲ့ မဥမ္မာဌေးက ထပ်အကြောင်းကြားလာပါတယ်။
မြရတနာ ရွာဦးကျောင်းဆရာတော် ရက်လည်ကို နက်ဖြန် တပို့တွဲလပြည့်ကျော် ၄ ရက် တနင်္လာနေ့ (၁ ၈-၁-၁၀)မှာ ရွာမှာ ပြုလုပ်ပါမယ်။ ပင့်သံဃာ ၁၃ ပါးကို ဆွမ်းကပ်ဖို့ ဦးဇင်း ဦးကောဝိဒက ဒါနပြုပါတယ်။
Monday, January 11, 2010
၁၁-၁-၁၀ ဆွမ်းလောင်းအလှူ
မုန့်ဟင်းခါး ဘုဉ်းပေးမယ်
အဝ သုံးဆောင်တော်မူကြဖို့နေ့ဆွမ်း - ဝက်သား+အာလူးဆီပြန်၊ မုန်လာဥချဉ်၊ ငရုတ်သီးကြော်
မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့
ဆွမ်းထမင်း+ပဲနှပ် - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
အရုဏ်ဆွမ်း - မုန့်ဟင်းခါး (................)
ဝေယျာဝစ္စဒါန
-ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)၊ ဦးဇဝန (သုံးခွကျောင်းတိုက်)။ ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးသုဇာတ (ရုက္ခမူကျောင်းတိုက်)၊ ဦးပညာဝံသ (မန္တလေး မြင်းဝန်မင်းကြီးတိုက်)၊ ဖျာပုံကျောင်းမှ အခြားဦးဇင်းတစ်ပါး။
-ဒေါ်ဧသိက၊ ဒေါ်ဝိလာသီ (အောင်မြေသာစံချောင်)၊ ဒေါ်စန္ဒာသိင်္ဂီ (သိဒ္ဓိမော်ချောင်)၊ ဒေါ်စရဏမဉ္စရီ (သိပ္ပမဉ္စရီချောင်)
-မန္တလေးမှ ဒကာသုံးဦး၊ ဒေါ်အေးသန်းနှင့် သမီး မဇင်မာထွေး၊ ဒေါ်ကြည်ဌေး၊ ကိုဆန်းထွန်း၊ ငြိမ်းအိထွေး
မနေ့ နေ့လယ်က ကိုထက် စစ်ကိုင်းကို ရောက်လာပြီး ဝေယျာဝစ္စ သံဃာများအဆင်ပြေပြေ ကျိန်းစက်နိုင်ရန် ကော်ဇောနှင့်စောင် ၃ ထည် လှူဒါန်းသွားပါတယ်။ မီးချောင်းတစ်ချောင်းပါ ဝယ်လာပြီး ဆွမ်းချက်တဲ့ နေရာမှာ ကိုယ်တိုင် တပ်ပေးသွားတယ်။ ဆွမ်းလောင်းဝေယျာဝစ္စ ဆောင်ရွက်ဖို့ မန္တလေးက ဒကာသုံးဦးလဲ ပို့ပေးသွားပါတယ်။
မနက် ၅ နာရီ ၃၀ မှာ အရုဏ်ဆွမ်း စကပ်ပါတယ်။ ကပ်ကပ်ချင်း သံဃာ အပါး ၈၀ ခန့် ဘုဉ်းပေးနေကြပြီး စောင့်ဆိုင်းနေဆဲ ကိုယ်တော်တွေလဲ စောင့်နေကြတယ်။ မနက် ၆ နာရီမှာ အပါး ၁၈၀ ခန့် ဘုဉ်းပေးပြီးပြီ။
''ကိုရင် ဟင်းရည်လား''
''ဒီမှာ ဟင်းရည် ချပေးပါ။ ဆရာလေး ဒီမှာ''
''ဘာလိုလဲ ကိုရင်။ မုန့်ဖတ်လား''
''ဟိုနားက ကိုရင်လေးက မုန့်ဖတ်တဲ့။ ဦးဇင်း .. ဟိုမှာ''
နေ့ဆွမ်းလဲ လောင်းရတော့မယ်။ သံဃာတစ်ပါးစီကို ဝက်သားနဲ့ အာလူးဟင်းတစ်ခွက်၊ ငရုတ်သီးကြော် တစ်ခွက်၊ မုန်လာချဉ်တစ်ခွက်၊ ပဲနှပ်တစ်ခွက်ကို ဆွမ်းထမင်းနဲ့အတူ လောင်းလှူပါမယ်။
Monday, January 4, 2010
လွတ်လပ်ရေးနေ့ သံဃာ့ဒါန


ညီတော် သာမဏေလေးတွေကို လှူဖို့ ဖိနပ်များ ကိုယ်တိုင် သယ်လာနေတဲ့ ဦးဇင်း ဦးစန္ဒိမာ
ခြေစွပ် လှူဒါန်းနေတဲ့ ဒေါ်ကြည်ဌေးနဲ့ ခေါင်းစွပ် လှူဒါန်းပေးနေတဲ့ ဒကာမလေး

ပြာသိုလပြည့်ကျော် ၅ ရက်၊ သာသနာသက္ကရာဇ် ၂၅၅၃ ခုနှစ်။ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၄ ရက်။
နေ့ဆွမ်း - ဝက်သား+အာလူးဆီပြန်။ မုံလာချဉ်၊ ငါးပိငရုတ်သီးကြော်
မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့
ဆွမ်းထမင်း + ကုလားပဲနှပ် - ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
အရုဏ်ဆွမ်း - ကြာဆံချက် အလှူရှင် - (..........)
သံဃာအပါး ၄၃၀ ခေါင်းစွပ်အလှူ - ရွှေဒိုမိန်း
သံဃာ အပါး ၄၀၀ ခြေအိတ် - ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
သာမဏေ အပါး ၂၅၀ ဖိနပ် + သံဃာများ ဒဏ်ကြေဆေး + အစာကြေဆေး- (.........)
ဝေယျာဝစ္စဒါန
ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးစန္ဒိမာ (သုံးခွကျောင်း)၊ ဦးဇဝန (သုံးခွကျောင်း)၊ ဦးသုဇာတ (ရုက္ခမူကျောင်း)၊
ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)၊ ဦးသောဘိတ (ထွဋ်ခေါင်)
-ဆရာကြီး ဒေါ်ဝိလာသီ (သိပ္ပမဉ္စရီချောင်)၊ ဆရာကြီး ဒေါ်စန္ဒာသိင်္ဂီ (သိဒ္ဓိမော်ချောင်)၊ ဒေါ်စရဏမဉ္စရီ (သိပ္ပမဉ္စရီချောင်)
-ဒေါ်စရဏမဉ္စရီမယ်တော်ကြီး ဒေါ်အေးသန်းနှင့် သမီး မဇင်မာထွေး၊ ဒေါ်ကြည်ဌေးနှင့်သားသမီးများ၊ ဆရာကြီး ဒေါ်ဝိလာသီ၏ ဒကာတစ်ဦး
မနက် ၅ နာရီ ၃၀ မှာ အရုဏ်ဆွမ်း စကပ်တယ်။ ဒီနေ့ သံဃာတွေ အရမ်းများပါတယ်။
မနက် ၅ နာရီ ၅၀ မှာ နေ့ဆွမ်းလောင်းဖို့ ပြင်ဆင်တယ်။ သံဃာတွေ အရမ်းများတော့ စီမံကြီးကြပ်တဲ့ ဦးဇင်းတွေလဲ အလုပ်များနေရတယ်။ လူမမယ် ကိုရင်လေးတွေက ဦးဇင်းတွေကိုယ်တိုင် ထိန်းရတယ်။ ဆောင်းတွင်း အသုံးအဆောင် ခေါင်းစွပ်ခြေအိတ်နဲ့ အခြားလှူဖွယ်များပါ ဆက်ကပ်ရမှာမို့ သံဃာတန်းရှည်ကြီးရှေ့မှာ ဆွမ်းလောင်းသူလောင်း၊ သေနာသန အသုံးအဆောင်လှူဖွယ်တွေ ကပ်သူက ကပ်နေရပါတယ်။
ကိုထက်က ရွှေဒိုမိန်းက လှူတဲ့ ခေါင်းစွပ်တွေ လာပို့ရင်း ညက ဝေယျာဝစ္စပါ ဝိုင်းဆောင်ရွက်သွားတယ်။ ကျောင်းမှာ ကိုယ်တိုင် တံမြက်ဝင်လှည်း၊ မီးပါ စိတ်ရှည်လက်ရှည် ဆင်ပေးပြီး ည ၂ နာရီမှ မန္တလေး ပြန်တယ်။ သာမဏေတွေကို လှူမယ့် ဖိနပ်တွေလဲ ကိုဖြိုးတို့ ကိုထက်တို့က အလှူရှင်ကိုယ်စား မန္တလေးကနေ ဆိုက်စုံ စီမံဝယ်ခြမ်းပေးကြပါတယ်။
အညာဆောင်းတွင်းမှာ အထူးလိုအပ်တဲ့ ခေါင်းစွပ်၊ ခြေအိတ်တွေ အပါးစေ့ လောင်းတယ်။ ဖိနပ်က ရဟန်းစီးဖိနပ် မဟုတ်ဘဲ ဈေးချိုတဲ့ မိုးတွင်းစီး ကြက်ပေါင်ဖိနပ်မို့ သာမဏေတွေကို အပါးစေ့ လောင်းလှူတယ်။ ဦးဇင်းကြီးတွေကို မိဂသီနဲ့ ထွန်းရွှေဝါ လိမ်းဆေး၊ ဒါမှမဟုတ် အစာကြေဆေး ကပ်လှူပါတယ်။
ကိုရင်လေးတွေက ပစ္စည်းလေးပါး ပါးရှားလိုအပ်ကြရှာတာမို့ မရမှာ စိတ်ပူနေလို့ ရမှာပါလို့ အားပေးရင်း ဦးဇင်းတွေက တန်းလဲ ထိန်းပေးနေရတယ်။
''အရှင်ဘုရားတို့၊ ဝတ်ခွက်လေးတွေ ဖွင့်ထားပါဘုရား''
''ကိုရင် နောက်ကကြွ''
''အကုန်လောင်းမှာ။ အကုန်လှူပေးမှာ။ ရတယ်ဘုရား''
သံဃာအင်အား များလွန်းလို့ အနီးက အောင်မြေဦးကျောင်းထိုင်ဆရာတော်ကိုယ်တိုင် ကူညီဖို့ ကြွလာတယ်။ ကိုရင်လေးတွေမှာ အောင်မြေဦးကျောင်းက ကိုရင်တွေ တော်တော်ပါတာမို့ ဆရာတော်ကိုယ်တိုင် ကြွလာတော့ အဆင်ပြေသွားတယ်။
''ခေါင်းစွပ် လောက်တယ်၊ လောက်တယ်''
''ဦးဓမ္မာနန္ဒ ဦးဇင်း။ လမ်းမီးတစ်ချက် ပြပေးပါဦး''
''ဖိနပ်လဲ ခုထိတော့ လောက်သေးတယ်''
ကြက်သား ကြာဆံချက်က အိုးပါ ပြောင်သွားပြီ။ လောင်းရတာ ပန်းကန်ခွက်ယောက် နိုင်နင်းအောင် ဒီနေ့ ခုံတွေကို အပါး ၁၀၀ စာ မချတော့ဘဲ အပါး ၈၀ စာ ချထားတယ်။ လေးသုတ် ကပ်ပြီးတော့ အိုး ပြောင်သွားတယ်။ အပါး ၃၂၀ လောက် ဘုဉ်းပေးလိုက်ရပါတယ်။
ဇိနောဒယနဲ့ မြစကြာက သံဃာတွေ မလောင်းလိုက်နိုင်ပေမယ့် အခြားသံဃာတွေ စုစုပေါင်း ၄၃၀ ပါးကို ခေါင်းစွပ် လှူရတယ်။ အပါး ၄၀၀ ကို ခေါင်းစွပ်နဲ့ ခြေအိတ်ပါ လှူလိုက်နိုင်ပါတယ်။ ဖိနပ်က သာမဏေ အပါး ၂၅၀ စာ စီမံထားတာ ကုန်သွားလို့ မရလိုက်တဲ့ သာမဏေ ၇၀ လောက် လိုတာ စာရင်းတို့ထားရတယ်။
အရုဏ်ဆွမ်းကို ဒကာမကြီး မဝါဝါခိုင်မင်း လျှောက်ထားတဲ့အတိုင်း ကြာဆံချက် ဆက်ကပ်ပါတယ်။ သံဃာတွေ ချမ်းချမ်းစီးစီးမှာ ကြာဆံချက်ပေါ် ငရုတ်သီးမှုန့် ဖြူးပြီး မြိန်ရည်ရှက်ရည် ဘုဉ်းပေးလိုက်ကြတာ အပါး ၃၀၀ ကျော် ကပ်အပြီးမှာ တစ်အိုးလုံး ပြောင်သွားတယ်။ နောက်ပိုင်း ဆက်ကြွလာတဲ့ ကိုယ်တော်တွေ မဘုဉ်းလိုက်ရဘူး။ နေ့ဆွမ်းက ဆွမ်းထမင်းနဲ့ ငါးပိကြော် အပါးစေ့ လောင်းလိုက်ရတယ်။ ဝက်သားက နောက်ပိုင်းသံဃာ အပါး လေးငါးဆယ် မရောက်ခင် ပြတ်တယ်။ ပဲကလဲ ကိုဖြိုးတို့က ဒီတစ်ခေါက် ကုလားပဲနှပ် လှူတာ သံဃာတန်း မကုန်ခင် ပြတ်သွားပါတယ်။
ကိုထက်က ညက မပြန်ခင် တခြားကျောင်းတွေကနေ ဆွမ်းဝိုင်းချက်ပေးဖို့ ကြွလာတဲ့ သံဃာတွေ အဆင်ပြေသလို ကျိန်းရ သီတင်းသုံးရတာ မြင်တော့ ဝေယျာဝစ္စ ဦးဇင်းတွေ ကျိန်းစက်ဖို့ ကောဇော လှူဒါန်းမယ့်အကြောင်း လျှောက်သွားပါတယ်။
ဆွမ်းလောင်းအပြီးမှာ ကြာဆံချက် ကုန်သွားပြီဆိုတော့ စားတော်ပဲပြုတ်နဲ့ ငါးချိတ်ပေါင်း မှာပြီး လက်ကျန်ဆွမ်းနဲ့ ဝေယျာဝစ္စ ကိုယ်တော်တွေကို အရုဏ် ကပ်ရတယ်။ ဖတ်ဖတ်မောနေတဲ့ ဝေယျာဝစ္စဦးဇင်းတွေလဲ မနက် ၈ နာရီလောက်မှ အရုဏ်ဘုဉ်းပေးရပါတယ်။
ဝမ်းမြောက်စရာ သတင်းက ဒီဇင်ဘာ ၂၂ ရက်နေ့က ထိုင်ဝမ်က သံဃာတော်တစ်ပါးက စစ်ကိုင်းတောင်မှာ သံဃာ သာမဏေ အပါး ၄၅၀၀ ကို ဒန်ပေါက်ဆွမ်း (ဘူးနဲ့) ကပ်ပြီး သင်္ကန်း တစ်ပါးတစ်စုံစီ ကပ်လှူသွားပါတယ်။




Friday, January 1, 2010
၂၀၁၀ နှစ်သစ်ကူးအလှူ

မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့
ဆွမ်းထမင်း+ပဲနှပ် - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး၊ မန္တလေးမြို့)
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
အရုဏ် - ဃနာနို့ဆွမ်း
အလှူရှင် ...............
ဝေယျာဝစ္စဒါန
-ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)
-ဆရာကြီး ဒေါ်ဝိလာသီ၊ ဒေါ်စန္ဒာသိင်္ဂီ၊ ဒေါ်စရဏမဉ္စရီ
-ဒေါ်အေးသန်း၊ ဒေါ်ဌေးဌေး (ဝမ်းတွင်း)၊ ကိုဂစ်တာ၊ မဇင်မာထွေး၊ ကိုဆန်းထွန်း ဇနီးမောင်နှံ
မနက် ၅ နာ၇ီ ၃၀ မှာ အရုဏ် ဃနာနို့ဆွမ်း စကပ်တယ်။ ဒကာမကြီး မဝါဝါခိုင်မင်းက တစ်နှစ်တာ ဆွမ်းအလှူရှင်များ အဖွဲ့အနေနဲ့ နှစ်သစ်ကူး နေ့ဆွမ်းဆက်ကပ်လိုကြောင်း လျှောက်ထားရင်း အရုဏ်ကိုလဲ ကြက်သားကြာဆံချက် ဆက်ကပ်ဖို့ အကြံပေးလျှောက်ထားပါတယ်။ ဒကာမကြီး အကြံအတိုင်း လာမယ့် တနင်္လာ (ဇန်နဝါရီလ ၄ ရက်နေ့)မှာ ကြာဆံချက် ဆက်ကပ်ဖို့ စီမံလိုက်တယ်။ နှစ်ဆန်း ၁ ရက်နေ့မှာ ဝေယျာဝစ္စ ဆောင်ရွက်မယ့် ဦးဇင်းတွေက ဃနာနို့ဆွမ်း ကပ်ချင်တယ်လို့ အကြံပြုပြီး နို့ဆွမ်းချက်ဖို့ စိုင်းပြင်းကြပါတယ်။
နေ့ဆွမ်းအလှူရှင်များ အဖွဲ့က နှစ်သစ်ကူး နေ့ဆွမ်း ဆက်ကပ်ချင်တယ်ဆိုတော့ တနင်္လာ ဆွမ်းပတ်တိုင်း ဆွမ်းနဲ့ ပဲနှပ် ပူးတွဲ ဆက်ကပ်ပေးနေကျ ကိုဖြိုးနဲ့ ကိုထက်တို့ကလဲ နှစ်သစ်အလှူမှာ ဆွမ်းထမင်းနဲ့ ပဲ လောင်းလှူပါတယ်။
ကျောင်းထိုင်ဆရာတော်ကြီးတွေ၊ ဦးဇင်းတွေ ကြွလာဘုဉ်းပေးသလို ကိုရင်လေးတွေလဲ ထုံးစံအတိုင်း အများကြီး ကြွလာကြတယ်။ ကိုရင်တစ်ပါးက နို့ဆွမ်းကို ၅ ပန်းကန်၊ တစ်ပါးက ၆ ပန်းကန် စသဖြင့် ဘုဉ်းပေးကြပါတယ်။
နေ့ဆွမ်းကို မနက် ၆ နာ၇ီဝန်းကျင်မှာ စကပ်တယ်။ ဝက်သားအာလူးဟင်းနဲ့ ငရုတ်သီးကြော်၊ ပဲနှပ်၊ သရက်ချဉ်များ ဆွမ်းထမင်းနဲ့အတူ လောင်းလှူပါတယ်။ မနက် ၆ နာရီ ၄၅ ထိ အရုဏ်ရော နေ့ဆွမ်းရော ကပ်လို့ မပြီးသေးဘူး။


















