အလှူခံယူနေသော မထေရ်ကြီးတစ်ပါး
မုန့်ဟင်းခါး ဘုဉ်းပေးမည့် ကိုရင်ငယ်များ
ဆရာတော် တစ်ပါးအား နေ့ဆွမ်းဆက်ကပ်စဉ်
ဆပ်ပြာအလှူ ခံယူနေသည့် ကိုရင်လေး 
အရုဏ်ဆွမ်း+နေ့ဆွမ်း
ကနေဒါနိုင်ငံမှ ကိုမြင့်သူ+မမွှေးမွှေးကြူတို့၏ သမီးငယ်လေး မဇင်မွန်ထက် ၅ နှစ်ပြည့်မွေးနေ့ အလှူ
အရုဏ်ဆွမ်း -မုန့်ဟင်းခါး
နေ့ဆွမ်း
ဆွမ်းထမင်း၊ ဝက်သား+အာလူး ဆီပြန်။ ချဉ်ပေါင်+မျှစ်ကြော်
ပဲနှပ်-ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ)
ဆီ-ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ မုံရွာမြို့)
ဆပ်ပြာ အလှူရှင် ...............
ဒဏ်ကြေဆေး အလှူရှင် ........
ထင်းအလှူရှင် - ဆရာလေး ဒေါ်စံ၊ ဒေါ်ဝါယမီ
သပိတ်အလှူရှင်-ဆရာကြီး ဒေါ်ဝါယမီ
ဝေယျာဝစ္စ ကုသိုလ်ရှင်များ
-မန္တလေးမှ ဦးပညာဝံသ ၊ သုံးခွကျောင်းတိုက်မှ ဦးကောဝိဒ ၊ မင်္ဂလာသိင်္ဂီကျောင်းတိုက်မှ ဦးပညာသာမိ၊
-ဆရာလေး မစရဏမဉ္စရီ၊ ဘွဲ့တော်မသိ ဆရာလေး ၂ပါး၊ ညနေခင်း ကြက်သွန်လှီးပေးသောသင်တန်းမှ ဆရာလေး ၃ပါး၊
-ဒကာကိုဝေ၊ ကိုဇော်၊ မျိုးလွင်ဦး၊ ဇော်ထွေးဦး၊ ကိုဂစ်တာ၊ ဦးဇင်း ဦးသုဇာတ ၏ရွာမှ သီတဂူဆေးရုံသို့ လာရောက်၍ မျက်လုံးခွဲသည့်ဒါယကာမိသားစု။
]
မနက် ၅ နာရီ ၁၅ မိနစ်မှာ မုန့်ဟင်းခါး အရုဏ်ဆွမ်း စကပ်ပါတယ်။ ကိုရင်လေးများကတော့ အစောကြီးကတည်းက ကျောင်းရှေ့မှာ ကြွရောက်စောင့်ဆိုင်းနှင့်နေပါပြီ။ ဒီနေ့ အရုဏ် မုန့်ဟင်းခါးဆွမ်းနဲ့ နေ့ဆွမ်း+ဆွမ်းဟင်း အလှူရှင်က ငါးနှစ်ပြည့် မွေးနေ့ရှင် သမီးလေး ဇင်မွန်ထက်နဲ့ မိဘများ ကိုမြင့်သူ+မမွှေးမွှေးကြူ (ကနေဒါ)၊ ဘိုးဘိုး ဒေါက်တာဦးမြင့်ဆွေ၊ ဘွားဘွား ဒေါက်တာဒေါ်ခင်မာဝေ (မန္ထလေးမြို့)တို့ မိသားစု ဒါနကုသိုလ် ဖြစ်ပါတယ်။
''ဇိနောဒယက တစ်ကျောင်းလုံး ကြွလာပြီ''
''ဦးဇင်းကြီးတွေ အထဲကြွပါ။ အချဉ်လုပ်ပေးကြပါဦး။ မောင်ကျောင်းသား၊ မျက်မှန်၊ သံပုရာသီး သွားဆွဲချေ''
ဆပ်ပြာခဲတွေလဲ လှူနေပါပြီ။ မနက် ၅ နာရီ ၅၀ မှာ အရုဏ် မုန့်ဟင်းခါးကို အပါး ၁၀၀ ကျော် ဘုဉ်းပေးပါပြီ။ နေ့ဆွမ်းတွေလဲ ဆက်ကပ်လောင်းလှူနေပါတယ်။ နေ့ဆွမ်းကိုတော့ မနက် ၅ နာရီ ၅၀ မှ စလောင်းရပါတယ်။ ကြွလာတဲ့ သံဃာတွေ တအားများတော့ ကပ်ရတဲ့ ဝေယျာဝစ္စ အလှူရှင်တွေ မနားရတော့ဘူး။ နေ့ဆွမ်းက ဝက်သား+အားလူးဆီပြန်အပြင် ဒီနေ့ ချဉ်ပေါင်နဲ့မျှစ်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်တာမို့ အပြောင်းအလဲလေး တစ်ခု ဖြစ်သွားပါတယ်။
''ဦးဇင်းတွေကို အရင်လောင်းပါ။ ကိုရင်လေးတွေ မပူကြပါနဲ့ဘုရား၊ အကုန်ရမှာပါ''
''အတွင်းက ဦးဇင်းတွေကို ကပ်ပေးလိုက်ဦး။ ကပ်ပြီးပြီလား...ဟုတ်ပြီ၊ ဟုတ်ပြီ''
သံဃာတော်တွေကို အရုဏ်ဆွမ်း ကပ်ရင် စားပွဲတစ်ခုလုံး ကပ္ပိယများက ထိပြီး ဆက်ကပ်ပြီးမှ အကပ်ခံ ဦးဇင်းများက ဘုဉ်းပေးနိုင်တာမို့ မုန့်ပွဲ ချပြီးတာနဲ့ မမေ့မလျော့ ကပ်ဖို့ နှိုးဆော်နေရတာပါ။ အထဲမှာ ကပ်ရင်း၊ အပြင်မှာလဲ လှူရင်း ဝေယျာဝစ္စ ဒါနရှင်များလဲ အလုပ်များနေပါတယ်။
''ဆပ်ပြာခဲတွေ ပုံးနဲ့သာ တည်ထားလိုက်တော့''
'''ဒီဦးဇင်းကြီး လိမ်းဆေးဘူး လှူပြီးပြီလား။။...အထဲက ဦးဇင်းကြီးတစ်ပါးလဲ လိမ်းဆေးဘူး လှူလိုက်ဦး''
''ဟိုဦးဇင်းကြီး...ဆေးလှူပေးဦး ဂစ်တာ''
Imperial leather ဆပ်ပြာခဲများ တစ်ပါး တစ်ခဲစီ ဆက်ကပ်တယ်။ သက်တော်ကြီး မထေရ်များကိုတော့ ဦးစိုင်း ဒဏ်ကြေလိမ်းဆေး တစ်ဘူးစီ ထပ်လှူပါတယ်။
ကိုရင်လေးတစ်ပါး သပိတ် မရှိရှာတာမို့ သူငယ်ချင်း ကိုရင်ကလေးနဲ့ ကြွလာပြီး နှစ်ပါးစာ သပိတ်တစ်လုံးနဲ့ အတူ ဆွမ်းခံတယ်။ ဒါကိုသိတော့ ဆွမ်းလောင်းလှူပေးနေတဲ့ သီလရှင် ဆရာကြီး ဒေါ်ဝါယမီက ကိုရင်ကလေးကို သပိတ်လှူဒါန်းပါတယ်။
မနက် ၆ နာရီ ၁၀ မိနစ်မှာ သံဃာ အပါး ၂၀၀ ကျော် အရုဏ်မုန့်ဟင်းခါး အဝ ဘုဉ်းပေးပြီးပြီ။ နေ့ဆွမ်းနဲ့ ဆပ်ပြာလဲ အပါး ၂၀၀ ကျော် ကပ်ပြီးပြီ။ တန်းစီနေဆဲ ကိုယ်တော်က ၂၀၀ ကျော် ရှိပါတယ်။
ဆပ်ပြာခဲက အမြဲ လိုအပ်နေတာမို့ ကိုရင်လေးတွေ ဦးဇင်းတွေ တန်းစီကြွလာကြတယ်။ ကိုရင်ငယ်လေးများကတော့ ကလေးပီပီ မရမှာ ပူရှာလို့ နှစ်သိမ့်အားပေးနေရပါတယ်။ ဆပ်ပြာခဲ ၄၅၀မလောက်မယ့်ပုံ ပေါ်တာမို့ ဒကာ ''မျက်မှန်''က ဆိုင်ကယ်နဲ့ စစ်ကိုင်းမြို့ထဲ သွားပြီး နောက်ထပ် အခဲ ၁၀၀ သွားယူတယ်။
ဆွမ်းထမင်းက တစ်ပါးကို ကြွေဇလုံတစ်ဝက်၊ ဆွမ်းဟင်း ဝက်သားတစ်တုံး+အာလူးနှစ်ခြမ်း၊ အရည်တစ်ဇွန်း၊ ကပ်ပါတယ်။ ချဉ်ပေါင်ကြော်က တစ်ပါးကို ဝတ်ခွက်အပြည့် ကပ်တယ်။ သံဃာ+သာမဏေ ၅၃၇ ပါးကို အပါးစေ့ ဆပ်ပြာ ကပ်လှူပြီး ဒဏ်ကြေဆေးက သက်တော်ကြီး မထေရ်ကြီး အပါး ၃၀ ကို တစ်ပါးတစ်ဘူး ဆက်ကပ်ပါတယ်။
မုန့်ဟင်းခါးက မလောက်လို့ နောက်ထပ် ၄ ပိဿာ ထပ်မှာရတယ်။ နောက်ဆုံး ဟင်းရည်ပါ ကုန်သွားတယ်။ မနက် ၆ နာရီခွဲလောက်မှာ ဝက်သား+အာလူးဟင်း ကုန်သွားတယ်။ ဝက်သားက ၁၅ ပိဿာ ချက်တဲ့ကြားက မလောက်တာပါ။ ချဉ်ပေါင်ကြော်နဲ့ ပဲနှပ် ဆက်လောင်းလှူတယ်။ မြစကြာ စာသင်တိုက်က ဆွမ်းတန်းကို ဆွမ်းတစ်ချိုင့် ကပ်တယ်။ ဆပ်ပြာ အပါးစေ့ လောင်းတယ်။ ကျောင်းက ဦးဇင်းတွေ အရုဏ်ဆွမ်း ဘုဉ်းပေးဖို့နဲ့ ဒကာတွေဖို့ မရှိတော့ပါဘူး။
ဦးဇင်းတွေက ည ၂ နာ၇ီကတည်းက ဆွမ်းချက်ဖို့ ရေနွေးကျို၊ ပြီး ဆွမ်းချက်နေကြရတာ မကျိန်းရသေးဘူး။ ဆာလဲ ဆာနေကြပြီ။ ရေနွေးဆူမှ ဆွမ်းချက်တာတောင် ဆွမ်းတစ်ပေါင်းကို ၄၅ မိနစ်ကြာတော့ ဆွမ်း၂ ပေါင်းကို မနက် ၄ နာရီခွဲမှာ ချက်ပြီးပါတယ်။ ဆွမ်းခံ ကိုရင်လေးများက မနက် ၄ နာရီ မထိုးခင်ကတည်းက ကျောင်းရှေ့ ကြွနေကြပါပြီ။
အရုဏ်ဆွမ်း မဘုဉ်းရသေးတာမို့ ဦးဇင်းတွေဖို့ ဆွမ်းထပ်ချက်တယ်။ ဒကာဂစ်တာက စမူဆာ သွားဝယ်တယ်။ ဆွမ်းဆီဆမ်းပြီး စမူဆာနဲ့ ဘုဉ်းပေးဖို့ပါ။ ပြီးတော့ ပင်ပန်းနေတဲ့ ဦးဇင်းနဲ့ ဒကာတွေ ဆွမ်း၊ ထမင်းပေါ် စမူဆာပုံပြီး အာဟာရ ဖြည့်ကြပါတယ်။