Tuesday, September 29, 2009

မင်းထင်တိုက် စာသင်စာချ ကိုယ်တော်များအတွက် စာအုပ်အလှူ

ဆက်ကပ်လှူဒါန်းသည့် စာအုပ်များနှင့် စာသင်သား သံဃာများ


နိကယ်စာအုပ်တွေ

တပည့်စာသင်သားများအတွက် ဗလာစာအုပ်များနှင့် မင်းထင်တိုက် စာချဆရာတော်

















စက်တင်ဘာလ ၂၈ ရက် ညနေခင်းမှာ မန္တလေး မဟာမင်းထင် စာသင်တိုက်ကို အလှူရှင် တစ်စု ရောက်လာပါတယ်။ ဦးဇင်း ဦးကောဝိဒနဲ့ ဦးရဲဝင်းနောင်၊ ဦးကျော်စိုးအောင်တို့ ဖြစ်ပါတယ်။ မင်းထင်တိုက်မှာ ပရိယတ္တိစာပေ သင်ယူနေတဲ့ စာသင်သား ကိုယ်တော်များအတွက် ဗလာစာအုပ်များနဲ့ စာချဆရာတော်အတွက် သင်ရိုး နိကာယ်စာအုပ်များ လိုအပ်နေတယ် သတင်းရလို့ လှူတဲ့ အလှူရှင်တွေမိသားစုကိုယ်စား လာရောက် လှူဒါန်းကြတာပါ။
ဦးသန်းဦးအား ရည်စူး၍ ဒေါ်တင်တင်ဝင်းနဲ့ သား ကိုပီကေ (ဘလော့ဂါ ကပ်ပါပေ့ ပီကေရယ်) မောင်နှမ ကောင်းမှု ဖြစ်ပါတယ်။
အနာကြီး ရောဂါသည် မိသားစုများ နေထိုင်ရာ မြရတနာ ကျေးရွာက မူလတန်းကျောင်းသား ကလေးငယ်များအတွက်လဲ မန္တလေးက အလှူရှင် တစ်ဦးက ဗလာစာအုပ် ၁၂၀ (၁၀ ဒါဇင်) လှူထားပါတယ်။
နောက်သတင်းကောင်းတစ်ခုက သံဃာများ သောက်ရေ သုံးရေအတွက် ရေကန် အလှူရှင် ပေါ်လာတဲ့ အကြောင်းပါ။ နေ့ဆွမ်းအလှူရှင် တစ်ဦးဖြစ်တဲ့ စင်ကာပူက ဒေါ်နန်းသန္တာအောင်က သာသနာ့ဝေပုလ္လကျောင်းတိုက်မှာ ရေကန် လှူဒါန်းမှာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန်...

Monday, September 28, 2009

ဆွမ်းကပ်နေပြီ









မနက် ၅ နာရီ ၁၀ မိနစ်မှာ အရုဏ်ဆွမ်း စကပ်ပါတယ်။

အရုဏ်ဆွမ်း
ဆွမ်းဆီဆမ်း+ပဲပြုတ်၊ ခရမ်းချဉ်သီးထောင်း
(ဆရာတော် ဦးလောကနာထ၊ အယ်ဆိုဘရန်တီ အလိုတော်ပြည့်ကျောင်းတိုက်)

နေ့ဆွမ်း
ဆွမ်းထမင်း ဦးမောင်မောင်အေး+ဒေါ်အေးအေးသန်းနှင့် သမီးများ (မြားနတ်မောင် ရွှေဆိုင်းနှင့် သိကြားမင်း ဗရွှဆိုင်း)

ဆွမ်းဟင်း - ဝက်သား+ဂေါ်ရခါးသီးချက်။ ငရုတ်သီး+ငါးခြောက်ကြော်၊ သရက်ချဉ်
(မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင်များ အဖွဲ့နှင့် ဒေါ်နန်းသန္တာအောင် (စင်ကာပူ)

ပဲနီချက် - ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)

ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး-ရွှေဘိုမြို့)

ခေါင်းရိတ်ဓား-မခိုင်ခိုင်မိုး

''ခရမ်းချဉ်သီးထောင်း ချပေးပါဦး''
''ခုံမလောက်ဘူး''

''ဦးဇင်း...ပြည့်စုံလားဘုရား''

''ဟိုနားကဝိုင်းတွေ ခရမ်းချဉ်သီး ချပြီးပြီလား၊ ကြည့်လိုက်ဦး''

ဆွမ်းဆီဆမ်းကို ပဲပြုတ်၊ ခရမ်းချဉ်သီးထောင်းများနဲ့ ဆက်ကပ်နေပါတယ်။ နားခွဲရမှာမို့ သီတဂူတက္ကသိုလ်က အစမ်းစာမေးပွဲ မဖြေလိုက်ရတဲ့ ဦးဇင်း ဦးသုဇာတ မနေ့ကတည်းက မန္တလေးက ရောက်လာပြီး ဆွမ်းချက်ဖို့ စီမံပေးတယ်။ အရုဏ်ဘုဉ်းပေးနေတဲ့ ကိုယ်တော်တွေ၊ ခုံမလောက်သေးလို့ စောင့်ဆိုင်းပေးနေတဲ့ ကိုယ်တော်တွေနဲ့ အရုဏ်ဆွမ်း ဘုဉ်းပြီးလို့ နေ့ဆွမ်း ဆက်ကပ်ခံနေတဲ့ သံဃာတွေနဲ့ ဝေယျာဝစ္စတွေလဲ မနားတမ်း ကပ်လှူနေရပါတယ်။

ဆက်ဖတ်ရန်...

Sunday, September 27, 2009

ဘဝတိုက်ပွဲကို ဗိုလ်စွဲဖို့ ကြိုးစားနေတဲ့ မဗိုလ်မ

ပထမကြီးတန်းနှင့် သီတဂူ ဗုဒ္ဓတတ္က္ကသိုလ် ဒီပလိုမာ စာသင်သား အစ်ကိုတော် ဦးသုဇာတ နှင့် ဥပဒေ တတိယနှစ် ကျောင်းသူကလေး မဗိုလ်မ

မဗိုလ်မ တဲ့။

အသက် ၂၅ နှစ် ရှိပါပြီ။ ဥပဒေ တတိယနှစ် တက်နေတဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသူကလေးပါ။

ပညာရေးမှာ အစ်ကို့ခြေရာ လိုက်နင်းတဲ့ နှမကလေး ဆိုရပါမယ်။ အစ်ကိုတော် ဦးဇင်း ဦးသုဇာတက ကျောက်ဆည်တက္ကသိုလ်က မြန်မာစာ အဓိကနဲ့ ကျောင်းပြီးတယ်။ ပထမကြီးတန်း ဆက်တက်ရင်း သီတဂူ ဗုဒ္ဓတက္ကသိုလ်မှာလဲ ဒီပလိုမာ နောက်ဆုံးနှစ် တက်နေတယ်။

အထက်မြန်မာပြည် တမာပင်ကြီးရွာသား တောင်သူ မိဘနှစ်ပါး ဖြစ်တဲ့ ဦးသိန်းအေး၊ ဒေါ်ဌေးရံတို့က မွေးဖွားတဲ့ မောင်နှမ လေးယောက်မှာ အထွေးဆုံးဖြစ်တဲ့ ဥပဒေကျောင်းသူ မဗိုလ်မက မွေးဖွားစဉ်ကတည်းက လက်နှစ်ဖက် ပါမလာခဲ့ပါဘူး။
သူ ဘယ်လို စာတွေ သင်ခဲ့သလဲ။ အတန်းထဲမှာ ဆရာ ပြောတာတွေကို ဘယ်လို လိုက်ရေးသလဲ။ စာမေးပွဲ ဘယ်လိုဖြေသလဲ။ သင်္ချာတွေ ဘယ်လို တွက်ခဲ့သလဲ။ မြန်မာပြည်သမိုင်းနဲ့ ကမ္ဘာ့သမိုင်းတွေ၊ ပထဝီဝင်ထဲက မြစ်ချောင်းအင်းအိုင်နဲ့ ကမ္ဘာ့တိုက်ကြီးတွေ အကြောင်းတွေ၊ ဓာတုဗေဒ ညီမျှခြင်းတွေကို သူ ဘယ်လို ရေးပြပြီး စာမေးပွဲတွေ အောင်ခဲ့သလဲ။

မဗိုလ်မ ခြေချောင်းကလေးများနဲ့ ဒါတွေကို ရေးမှတ်ပြီး ကျက်ခဲ့၊ စာမေးပွဲ ဝင်ခဲ့ပါတယ်။

မဗိုလ်မရဲ့ ခြေချောင်းကလေးတွေက ခဲတံနဲ့ ဘောပင်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ပြီး ရှည်လျားလှတဲ့ ပုစ္ဆာတွေ၊ စာတွေကို လက်ချောင်း အသုံးပြုသူနဲ့မခြား ရေးနိုင်ပါတယ်။ မဗိုလ်မကို မိဘတွေက ကျောင်းထားရမယ့် အရွယ်မှာ ကျောင်းပို့ဖို့ တက်တက်ကြွကြွ အားထုတ်ခဲ့ကြတယ်။ လက်မရှိတဲ့ ကလေးကို ဘယ်လို စာသင်ပေးရမလဲလို့ မေးခွန်းမထုတ်ဘဲ ရွာကျောင်းဆရာဆရာမတွေက ကြည်ကြည်ဖြူဖြူ ကြိုဆိုခဲ့တယ်။ ဒီနည်းနဲ့ ဘဝရဲ့ စာမေးပွဲတွေကို တစ်တန်းပြီးတစ်တန်းကျော်ခဲ့တာ ၁၀ တန်းအောင်တော့ တက္ကသိုလ်ပညာ ဆက်သင်ဖို့ မဘိုမ စိတ်ထက်သန်ခဲ့ပါတယ်။ ရွာမှာ နွားကျောင်း၊ ခြံစောင့်နဲ့ မိဘတွေ အားကိုးရတဲ့ သမီး မဗိုလ်မ အဝေးသင်တက္ကသိုလ် ဆက်တက်ချင်တယ်ဆိုတော့ မိဘတွေ မဆိုင်းမတွ ထားပေးခဲ့ကြတယ်။
အစ်ကိုတော် ဦးသုဇာတက ပရိယတ္တိ စာပေတွေကို သင်ယူရင်း ကျောက်ဆည်တက္ကသိုလ်မှာလဲ မြန်မာစာအဓိကကျောင်းသား ဖြစ်နေပြီ။ ဒီနှမကလေးအတွက် ပိုကြိုးစားရတာပါလို့ အစ်ကိုတော် ဦးဇင်းက မိန့်ပါတယ်။ တက္ကသိုလ် တက်မယ်ဆိုတော့ မဗိုလ်မ ဥပဒေ ဘာသာရပ်ကို သင်ဖို့ ရွေးလိုက်တယ်။ တောင်သူ မိဘတွေကရော ညီအစ်ကို မောင်နှမတွေကရော မဗိုလ်မ ကြိုက်ရာသင် အားပေးခဲ့ကြတယ်။ ဒီလိုနဲ့ အစ်ကိုကြီး ကိုနိုင်မင်း၊ အစ်ကိုငယ် ဦးဇင်း ဦးသုဇာတ၊ အစ်မ မစန္ဒာဝင်းတို့ရဲ့ နှမထွေး မဗိုလ်မ တက္ကသိုလ် ရောက်ခဲ့ပြီ။

မနှစ်က တတိယနှစ် စာမေးပွဲ ဖြေတဲ့တစ်ရက်မှာတော့ စိတ်မကောင်းစရာတစ်ခု မဗိုလ်မ ကြုံခဲ့ရတယ်။ ခြေချောင်းတွေကြား ဘောပင်ကို ညှပ်ပြီး ဥပဒေမေးခွန်းတွေကို တစ်ခုပြီးတစ်ခု ဖြေနေတဲ့ ထူးဆန်းတဲ့ ကျောင်းသူကို စာမေးပွဲခန်းစောင့်တဲ့ ဆရာမတစ်ယောက်က မယုံကြည်နိုင်သလို မသင်္ကာသလို မျက်လုံးနဲ့ အနီးကပ် ကြည့်တယ်။ စာမေးပွဲ ဖြေနေတဲ့ ၃ နာရီ အတွင်းမှာ ဒီဆရာမရဲ့ မျက်လုံးတွေ အကြည့်တွေကို မဗိုလ်မ မခံနိုင်ခဲ့ဘူး။

စိတ်မကြံ့ခိုင်ရကောင်းလားလို့ အပြစ်တင်ရင်လဲ ခံရတော့မယ်။ မဗိုလ်မဟာ အသက် ၂၀ ကျော် မိန်းကလေးတစ်ယောက်သာ ဖြစ်ပါတယ်။ အဲဒီနှစ်က စာမေးပွဲ ပြီးအောင် သူ ဆက်မဖြေနိုင်ခဲ့ဘူး။ အခု ဒီတတိယနှစ် စာမေးပွဲကို ပြန်ဖြေဖို့ သူ ကျူရှင် ပြန်တက်နေပါတယ်။
မဗိုလ်မ အနီးကပ် တက်ဖို့၊ ကျုရှင်တက်ဖို့၊ စာမေးပွဲဖြေဖို့ သွားရင် မိခင် ဒေါ်ဌေးရံက လိုက်ပြီး သမီးကို အဝတ်အစား လဲလှယ်ပေး၊ ဖီးလိမ်းပြင်ဆင်ပေးတယ်။ ဒီဝါတွင်းမှာ ၁၀ ဝါ ပြည့်ပြီဖြစ်တဲ့ အစ်ကိုတော် ဦးဇင်းကလဲ နှမကလေးကို ကူညီစောင့်ရှောက်တယ်။ အစ်ကိုတော့်ခမျာလဲ ကျောက်ဆည်တက္ကသိုလ်က ကျောင်းပြီးချိန်မှာ ဘွဲ့လက်မှတ်ပေါ်မှာ သုဇာတ ဆိုတဲ့ ဘုရားသားတော်ဘွဲ့မည်နဲ့ ဘွဲ့ယူချင်ရှာလို့ ကြိုးစားခဲ့ပါသေးတယ်။ သင်္ကန်းနဲ့ ဘွဲ့တက်ယူလို့ မရယူဘူးဆိုလဲ ရှိပါစေတော့၊ အဝေးရောက်ဘွဲ့ပဲ ယူပါ့မယ်၊ ဘွဲ့လက်မှတ်ပေါ်မှာတော့ ရဟန်းဘွဲ့နဲ့ ဖော်ပြပေးစေချင်တယ်လေ။
ဂျင်းဘောင်းဘီတွေ၊ တီရှပ်တွေကြားမှာ သင်္ကန်းရုံပြီး စာသင်ခန်းထဲ ကြွလာတဲ့ ဦးဇင်းတွေကို လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့ကြတဲံ ဆရာတွေလဲ ဘွဲ့လက်မှတ် ကိစ္စမှာတော့ မကယ်နိုင်တော့ပါဘူး။ သူတို့နဲ့တင်မပြီး အထက်အဆင့်ဆင့်ကို ဖြတ်သန်းရမယ့်ကိစ္စဆိုတော့။ အဲဒီနှစ်က ဘွဲ့ယူကြတဲ့ ဦးဇင်းတွေလဲ ဘွဲ့လက်မှတ်ပေါ်မှာ အသုံးမပြုတော့တဲ့နာမည်ဖြစ်တဲ့ လူ့ဘဝက နာမည်တွေကို ကြိတ်မှိတ်လက်ခံလိုက်ရပါတယ်။
အခု မဗိုလ်မက ဥပဒေ တတိယနှစ်ဆိုတော့ အစ်ကိုတော့်ခြေရာနင်းပြီး ဘွဲ့ယူဖို့ တစ်နှစ်ပဲ ကျန်တော့တယ်။ အခု စာမေးပွဲ နီးပြီမို့ ရွာကနေ မြို့ပေါ်လာပြီး ကျူရှင်တက်နေပါတယ်။ အနီးကပ်သင်တန်းကိုတော့ လာမယ့် အောက်တိုဘာ ၁၀ ရက်ကနေ ၂၃ ရက်နေ့ထိ တက်ရမယ်။ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၃ ရက်နေ့ထိ စာမေးပွဲ ဖြေရပါမယ်။

ဘဝကို အနိုင်မခံ အရှုံးမပေးဘဲ တိုက်ပွဲဝင်နေတဲ့ မဗိုလ်မကို ဆက်သွယ်အားပေးချင်ရင် အစ်ကိုတော် ဦးဇင်းရဲ့ အီးမေး sujata.mm7@gmail.com သို့မဟုတ် တစ်ဆင့် (ဦးကောဝိဒမှတစ်ဆင့် ဦးသုဇာတ) ၀၉-၂၁၁၀၂၀၂ ကို မေးမြန်းနိုင်ပါတယ်။

ဆက်ဖတ်ရန်...

နက်ဖြန်အတွက် ဆွမ်းချက်အစီအစဉ်


အရုဏ်ဆွမ်း ဆက်ကပ်မည့် ခရမ်းချဉ်သီးများ


နက်ဖြန် တနင်္လာနေ့ အရုဏ်ဆွမ်း၊ နေ့ဆွမ်း လောင်းလှူဖို့ ညနေကတည်းက စီမံချက်ပြုတ်နေကြပါပြီ။

အယ်ဆိုဘရန်တီ အလိုတော်ပြည့်ကျောင်း ဆရာတော် အရှင်လောကနာထက ကပ္ပိယကာရကမှတစ်ဆင့် အပ်စပ်အောင် တာဝန်ပေး စေခိုင်းချက်ဖြင့် သံဃာတော်များအား အရုဏ်-ဆွမ်းနဲ့ ပဲပြုတ်၊ ခရမ်းချဉ်သီးထောင်း ဆက်ကပ်ပါမယ်။

ဆရာတော်က အရုဏ်ဆွမ်းကို ခရမ်းချဉ်သီးထောင်းနဲ့ ဆက်ကပ်ချင်တယ်လို့ အမိန့်ရှိလို့ ဝေယျာဝစ္စအဖွဲ့က ခရမ်းချဉ်သီးထောင်းကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးများနဲ့ ရောမွှေပြီး နံနံပင် အုပ်ပါမယ်။ ချက်ပြုတ်တဲ့ ဒကာမကြီးက ဒေါ်ကြည်ဌေး ဖြစ်ပါတယ်။
ဒီနေရာမှာ သံဃာတော်များအတွက် အပတ်စဉ် ဆွမ်းချက်ပြုတ် ကုသိုလ်ပြုပေးနေတဲ့ ဒကာမကြီး ဒေါ်ကြည်ဌေး သားအမိအကြောင်း ပြောလိုပါတယ်။ ဒေါ်ကြည်ဌေး သားအမိဟာ ကျောက်စက်မှာ ကျောက်သယ်ပြီး အသက်မွေးရပါတယ်။ သမီးငယ် မငြိမ်းအိထွေးက နှစ်တန်းနဲ့ ကျောင်းထွက်ပြီး အမေကို ကူညီနေရသူပါ။ အပတ်တိုင်း လာရောက် ချက်ပြုတ်ပေးနေတဲ့ ဒေါ်ကြည်ဌေးကို တစ်လ တစ်သောင်းခွဲ (၁၃ ဒေါ်လာခန့်) ဈေးဖိုး တုံ့ပြန်ကူညီပါတယ်။ ဝက်သား တစ်ပိဿာ လေးထောင် ကျော်နေတဲ့ ဒီနေ့ ကုန်ဈေးနှုန်းနဲ့ဆိုရင် ဒါ အားနာစရာ ကောင်းအောင် နည်းပါတယ်။ ဒကာမကြီးကတော့ အပတ်တိုင်း တက်တက်ကြွကြွ လာလုပ်ကိုင် ကပ်လှူပေးနေလျက်ပါ။
၂ တန်းနဲ့ ကျောင်းထွက်ထားရတဲ့ သမီးလေး မငြိမ်းအိထွေးက အသက် ၁၁ နှစ် ရှိပါပြီ။ အမေနဲ့အတူ လိုက်လိုက်လာပြီး ဆွမ်းချက်ရာမှာ ကလေးခွန်အားလေးနဲ့ နိုင်သလောက် ဝိုင်းကူပေးနေတဲ့ ဒီသမီးငယ်လေးကို ကျောင်းပြန်တက်စေချင်လို့ လမ်းစရှာနေကြပါတယ်။ ဝေယျာဝစ္စကုသိုလ်ရှင် သမီးလေး ကျောင်းပြန်တက်ခွင့် ရပါစေကြောင်း ဝိုင်းဆုတောင်းပေးကြပါ၊ မေတ္တာပို့ပေးကြပါလို့ အနယ်နယ်အရပ်ရပ်က ဆွမ်းအလှူရှင်တွေကို ပန်ကြားပါတယ်။
သမီးလေးက ကျောင်းနေချင်တယ်၊ ကျောင်းပြန်တက်ချင်တယ်လို့ ပြောရှာပါတယ်။ ကျောက်သယ်ရတဲ့ အမေက သမီးကို ပညာတတ်စေချင်ပေမယ့် ထားမပေးနိုင်ရှာပါဘူး။ စားသောက်ဆိုင် တန်းလျားမှာ နေပြီး မနက်ပိုင်း ကျောက်သယ်၊ ညနေပိုင်း ဝန်ထမ်းတွေအတွက် ထမင်းချက်ရပါတယ်။ အလှူရှိတဲ့ ရက်တိုင်း သမီးလေးနဲ့ နှစ်ယောက်အတူ လာပြီး ဆွမ်း ဆွမ်းဟင်းတွေ ချက်ပြုတ်ပေးကြတယ်။
''ဆွမ်းချက်ရတာ ပျော်တယ်။ မိုးရွာတဲ့အခါတော့ ထင်းရေစိုတော့ တော်တော်ကို ကြိုးစား ချက်ရတယ်''
ဒကာမကြီးက ပြောပါတယ်။ သံဃာတွေကို နက်ဖြန် ဝက်သားနဲ့ ဂေါ်ရခါးသီးချက် အပါအဝင် ဆွမ်းမယ်ပေါင်းစုံ စီမံချက်ပြုတ်မယ့် ဒကာမကြီးက အိမ်မှာတော့ ဒီနေ့ မျှစ်ကြော်နဲ့ ချဉ်ရည်ဟင်း ချက်ပါတယ်။
အခုတော့ သံဃာကို လုပ်ကျွေးနေတဲ့ လုပ်အားဒါနက ချက်ချင်း အကျိုးပေးပါပြီ။ သမီးငယ်ကို ကျောင်းပြန်ထားပေးမယ်လို့ ဆွမ်းအလှူရှင် တစ်ဦးက ကမ်းလှမ်းလာပါတယ်။ သမီးငယ်ရဲ့ ကျောင်းစာသင်ခန်း ပြန်အဝင်လမ်း ချောမောအဆင်ပြေပါစေကြောင်း မေတ္တာပို့သပေးကြစေချင်ပါတယ်။
နေ့ဆွမ်း အလှူရှင်က ဦးမောင်မောင်အေး၊ ဒေါ်အေးအေးသန်းနှင့် သမီးများ (မြားနတ်မောင် ရွှေဆိုင်းနှင့် သိကြားမင်း ရွှေဆိုင်း) ဖြစ်ပါတယ်။ ဆွမ်းဟင်းက ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ JulyDream၊ ရွာသားလေး YTU တို့ရဲ့ နေ့ဆွမ်းအလှူရှင်များအဖွဲ့နဲ့ ဒေါ်နန်းသန္တာအောင် (စင်ကာပူ)က ဒီအပတ် ဝက်သား+ဂေါ်ရခါးသီး၊ ခါးခြောက်+ငရုတ်သီးကြော်၊ သရက်ချဉ် ဆက်ကပ်ပါမယ်။

ကိုဖြိုးနဲ့ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)က ပဲနီပြား လောင်းလှူပါမယ်။ ဒကာကိုထက်က မုံရွာဘက်မှာ ပိုးထိတဲ့ လူနာတွေအတွက် မြွေဆိပ်ဖြေဆေးများစွာ လိုအပ်နေတယ် သတင်းရလို့ မြွေဆိပ်ဖြေဆေး သွားလှူပြီး ဒီနေ့ပဲ နေ့ချင်း ပြန်ရောက်လာပါတယ်။

မခိုင်ခိုင်မိုးက သံဃာတော်များကို အပါးစေ့ ခေါင်းရိတ်ဓား ကပ်လှူပါတယ်။

ဆက်ဖတ်ရန်...

Monday, September 21, 2009

စက်တင်ဘာ ၂၁ ဆွမ်းကပ်လှူခြင်း

သပိတ်များချကာ စောင့်ဆိုင်းနေသည့် ကိုရင်ငယ်များ


အရုဏ်ဆွမ်း ဘုဉ်းပေးစဉ်



အရုဏ်ဆွမ်း
ကြက်သားကြာဆံချက် (မခွန်သဒ္ဒါ -ဂျပန်)
နေ့ဆွမ်း
ဆွမ်းထမင်း (ဦးမောင်မောင်အေး၊ ဒေါ်အေးအေးသန်းနှင့် သမီးများ။ မြားနတ်မောင် ရွှေဆိုင်းနှင့် သိကြားမင်း ရွှေဆိုင်း)
ဝက်သား+အာလူးဆီပြန်၊ သရက်ချဉ်၊ ငါးခြောက်+ငရုတ်သီးကြော် (ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ JulyDream၊ ရွာသားလေးYTUတို့၏ တစ်နှစ်တာ ဆွမ်းအလှူရှင်များအဖွဲ့) ၊ ဒေါ်နန်းသန္တာအောင် (စင်ကာပူ)
ပဲနီပြား (ကိုဖြိုး+ကိုထက်၊ ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
ဆီ (ဒေါ်ချို၊ ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
ဝေယျာဝစ္စ ဒါနရှင်များ
ဦးပညောဘာသ (သုံးခွကျောင်းတိုက်)
ဦးစန္ဒိမာ (သုံးခွကျောင်းတိုက်)
ဦးကောဝိဒ (သုံးခွကျောင်းတိုက်)
ဦးသုဇာတ
ဆရာလေး မစရဏမဉ္စရီ
ကိုဇော်ထွေးဦး
ကိုကျော်စိုးအောင်
ဆွမ်းစီမံချက်ပြုတ် လုပ်အားဒါနရှင်
သင်တန်းသား သီလရှင်ဆရာလေးများ
မနက် ၅ နာရီမှာ ဆွမ်းစကပ်နေပါတယ်။ မနက် ၄ နာရီခွဲမှာကတည်းက သာမဏေ အပါး ၇၀၊ ၈၀ လောက် ကျောင်းအပြင်မှာ သပိတ်များပိုက်လို့ ကြွလာနေပါပြီ။
အရင်တစ်ပတ် ဆရာတော် ဦးလောကနာထ စီစဉ်လှူဒါန်းတဲ့ ကြာဆံချက်ကို သံဃာတွေ နှစ်နှစ်ခြိုက်ခြိုက် ဘုဉ်းပေးသုံးဆောင်ကြတယ်။ ခုရက်လဲ ကြာဆံချက်ပဲ စီမံလိုက်ပါတယ်။
သံဃာ့ဒါနမို့ သံဃာတော်တွေလဲ မနေနိုင်ဘဲ ဆွမ်းလောင်းလှူရာမှာ ဝင်စီမံပေးနေရတယ်။ ဦးပညောဘာသနဲ့ ဦးစန္ဒိမာက သုံးခွကျောင်းတိုက်ကနေ ကြွလာပြီး ကြီးမှူးစီမံပေးတယ်။ ကွန်ပျူတာသင်တန်း လာတက်နေတဲ့ သင်တန်းသား ဆရာလေးများက ဆွမ်းစီမံ ချက်ပြုတ်ပေးကြပါတယ်။
''အရှင်ဘုရား။ အဆင်ပြေလားဘုရား။ ကြာဆံဟင်းနဲ့ မုန့်ဟင်းခါး ဘယ်ဟာ ပိုအဆင်ပြေလဲဘုရား''
''အားလုံးအဆင်ပြေပါတယ်။ ကျန်းမာကြပါစေ''
ဆရာတော်တစ်ပါးက ဖြေကြားရင်း ဆုမွန်ပေးပါတယ်။ ဆရာတော်က မြနန္ဒာကျောင်းကပါ။ ဘယ်ဆွမ်းမယ် ပိုအဆင်ပြေ သင့်လျော်မလဲ၊ ဘယ်ဟာက ဘုဉ်းပေးလို့ ပိုမြိန်မလဲ မေးရတာ ခက်ပါတယ်။ ဆရာတော်တွေ၊ ဦးဇင်းကြီးတွေက အားလုံး အဆင်ပြေပါတယ်၊ သင့်လျော်ရာ လုပ်ကြပါလို့သာ မိန့်ကြလို့ပါ။ ဘယ်ဟာကပ်ပါလို့ ရွေးချယ်မပေးကြပါဘူး။
သံဃာတစ်ပါးကို ဝက်သားတစ်တုံးနဲ့ အာလူးနှစ်ခြမ်း၊ သရက်ချဉ်၊ ငါးခြောက် ငရုတ်သီးကြော်၊ ဆွမ်းထမင်းက သပိတ်သုံးပုံတစ်ပုံ ဆက်ကပ်တော့ တစ်ပါးစာတော့ အတန်အသင့် ဘုဉ်းပေးလောက်ပါတယ်။
''ဦးဇင်းတွေဝိုင်းကို တစ်ဝိုင်းသီးသန့် လုပ်ပေးလိုက်ပါဦး''
''အရှင်ဘုရားတို့ ခဏလေးပါဘုရား''
''ခုံရှည်တစ်လုံး ရှိတယ်မဟုတ်လား။ ဒီဘက်ထုတ်ပြီး လေးပါးစာ လုပ်ပေးလိုက်''
စီမံနေတဲ့ သံဃာတွေရော၊ ဆရာလေးတွေရော မအားရပါဘူး။
''ကိုရင်လေး ဝလား၊ ထည့်ဦးမလား''
သီတဂူ တက္ကသိုလ်မှာ ဘီအေ ပထမနှစ် တက်ရင်း ပထမကြီးတန်းကိုလဲ ဖြေနေတဲ့ ဦးဇင်း ဦးသုဇာတက မန္တလေးက ကြွလာပြီး ဆွမ်းချက်ပြုတ် ကပ်လှူဖို့ကိစ္စကို စီမံပေးပါတယ်။

ဆက်ဖတ်ရန်...

Sunday, September 20, 2009

၁၆-၉-၀၉ အရုဏ်+နေ့ဆွမ်း ဒါန (ဆရာတော် ဦးလောကနာထ)

သံဃာတော်တစ်ပါး ဆွမ်းခံယူစဉ်
ကြက်သားကြာဆံချက် ဘုဉ်းပေးနေသည့် ကိုရင်လေးများ

အရုဏ်ဆွမ်း ဘုဉ်းပေးနေသော ကိုယ်တော်များနှင့် စောင့်ဆိုင်းနေသော သာမဏေများ

ကိုရင်လေးတစ်ပါးကို လှူဒါန်းနေသော စာရေးဆရာ ရွှေလမ်းငွေလမ်း ဝင်းကြည်

အရုဏ်ဆွမ်း - ကြက်သားကြာဆံချက်
ဆရာတော် ဦးလောကနာထ
နေ့ဆွမ်း (ဆွမ်းထမင်း)
ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
ဆွမ်းဟင်း (ငါးမြစ်ချင်းခရမ်းချဉ်သီးချက်)
ဆရာတော်ဦးလောကနာထ
ဆီ
ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
အမေရိကား အယ်ဆိုဘရန်တီမြို့၊ အလိုတော်ပြည့်ကျောင်းဆရာတော် ဦးလောကနာထက စက်တင်ဘာ ၁၆ ရက်၊ ဗုဒ္ဒဟူးနေ့မှာ သံဃာတော်များကို အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်ပါတယ်။ အရုဏ်ဆွမ်းက အပြောင်းအလဲအဖြစ် ကြက်သားကြာဆံချက် ဖြစ်ပြီး နေ့ဆွမ်းက ငါးမြစ်ချင်း ခရမ်းချဉ်သီးချက်ပါ။ နေ့ဆွမ်းထမင်းကို ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေးက ဒကာ ကိုဖြိုးနဲ့ ကိုထက်က လှူဒါန်းပါတယ်။ ရွှေဘိုမြို့က ဒကာမကြီး ဒေါ်ချိုက ဆွမ်းဟင်းချက်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ ဆီကို ပင်တိုင် တာဝန်ယူ လှူဒါန်းပါတယ်။
ဆရာတော်က အရုဏ်ဆွမ်းကို ဆွမ်းထမင်းနဲ့ သက်သတ်လွတ် တို့ဟူးသုတ် ကပ်ဖို့ မူလ စီစဉ်တယ်။ ဝေယျာဝစ္စ ကုသိုလ်ရှင်များအတွက်က မုန့်ဟင်းခါး, အုန်းနို့ခေါက်ဆွဲ, ကြာဆံချက်တွေက စီမံရတာရော တစ်ပွဲပြီးတစ်ပွဲ အမြန်ဆက်ကပ်ရတာရော လွယ်ကူလို့ ညှိနှိုင်းဆွေးနွေးပြီး၊ လုပ်အားပေးသူများအတွက် ပိုလွယ်ကူအဆင်ပြေမယ့် ဆွမ်းမယ်လဲ ဖြစ်, အပြောင်းအလဲလဲ ဖြစ်တဲ့ ကြာဆံချက်ကို ရွေးလိုက်တာပါ။ မကွေးမြို့က စာရေးဆရာ ရွှေလမ်းငွေလမ်း (ဦး)ဝင်းကြည်က ဆရာတော်ဘုရားရဲ့ အလှူမှာ ကိုယ်တိုင် ဆက်ကပ် လောင်းလှူ ပေးပါတယ်။
အရုဏ်ဆွမ်းကို သံဃာ အပါး ၃၀၀ ကျော် ကြွရောက်ဘုဉ်းပေးတယ်။ နေ့ဆွမ်းက သံဃာ အပါး ၅၀၀ နီးပါး ခံယူကြပါတယ်။ ခါတိုင်း ဝက်သားနဲ့ အာလူး ဒါမှမဟုတ် ဝက်သားနဲ့ ရွှေဖရုံသီး စသဖြင့် အသီးအနှံ တစ်မျိုးမျိုး ရောပြီး နေ့ဆွမ်း လောင်းနေကျ ဖြစ်ပေမယ့် ခုအလှူမှာ အပြောင်းအလဲအဖြစ် ငါးမြစ်ချင်းကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက် ဆက်ကပ်ပါတယ်။

ဆက်ဖတ်ရန်...

Monday, September 14, 2009

စက်တင်ဘာ ၁၄ ဆွမ်းလောင်းကုသိုလ်

အရုဏ်ဆွမ်း-မုန့်ဟင်းခါး
မခွန်သဒ္ဒါ (ဂျပန်) မွေးနေ့အလှူ

နေ့ဆွမ်း ဝက်သား+ ရွှေဖရုံသီးဟင်း၊ သရက်ချဉ်၊ ငါးဖောင်ရိုးငရုတ်သီးကြော်
ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့ ဦးဆောင်သော နေ့ဆွမ်း အလှူရှင်များနှင့်
ဒေါ်နန်းသန္တာအောင် (စင်ကာပူ)


ပဲနှပ် - ကိုဖြိုး+ ကိုထက်
ဆွမ်းထမင်း - ထွန်းဦးစာပေ
ဝေယျာဝစ္စ ကုသိုလ်ရှင်
ဦးပညာဝံသ၊ ဦးပညောဘာသ (သုံးခွကျောင်းတိုက်)၊ ဦးသုဇာတ၊ ဦးဥာဏဝရ
သီလရှင် ဆရာလေး ၈ ပါး
မောင်ဇော်ထွေးဦး
ဆရာလေး စရဏမဉ္စရီ၏ အစ်မ

မနက် ၅ နာရီ ၄ မိနစ်မှာ စလောင်းပါတယ်။ မနက် ၅ နာရီ ၄၀ မှာ အပါး ၁၀၀ ကျော် မုန့်ဟင်းခါး ဘုဉ်းပေးပြီးပါပြီ။ နောက်ရောက်လာတဲ့ ကိုယ်တော်တွေက နောက်မှာ စောင့်ပေးနေကြပါတယ်။


''ကိုရင်လေးတွေ မုန့်ဖတ်ထည့်ပါဦး''

''အရှင်ဘုရား။ မုန့်ဟင်းခါး ဘုဉ်းပေးပြီပြီလား။ မဘုဉ်းရသေးရင် ဒီဘက် ကြွပါ''

''ဒီဘက်ကကိုယ်တော် ဘာလိုသေးလဲ''

''ဆရာလေးတွေ ပဲတစ်ဇလုံ ပေးပါဦး''

''အရှင်ဘုရားတို့၊ ဗုဒ္ဒဟူးနေ့လဲ ကြွပါနော်''


ဗုဒ္ဒဟူးနေ့ကျရင် အမေရိကန် ပြည်ထောင်စု အယ်ဆိုဘရန်တီ အလိုတော်ပြည့်ကျောင်းဆရာတော် အရှင်လောကနာထက ကပ္ပိယ ကာရကမှတစ်ဆင့် အပ်စပ်အောင် စီမံမှုဖြင့် အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း (ငါး+ခရမ်းချဉ်သီးချက်) ကပ်လှူပါမယ်။



ဆက်ဖတ်ရန်...

Sunday, September 13, 2009

၁၃.၉.၂၀၀၉ ရက်နေ့သီလရှင်များအလှူပွဲ

သီလရှင်ဆရာလေးများ မုန့်ဟင်းခါးဘုန်းပေးနေပုံ

စစ်ကိုင်းမြို့တော်တွင် သီတင်းသုံးနေထိုင်သော သီလရှင်အပါး(၉၀)တို့အား ယနေ့
ဆရာတော်ဦးလောကနာထမှ သီလရှင်ဝတ်စုံ
(ခါးဝတ်) တစ်စုံစီလှူဒါန်းမှုပြုခဲ့ပြီးဂျပန်နိုင်ငံမှ ဒါယိကာမကြီးဒေါ်ဝါ၀ါခိုင်မင်းမှတဆင့် ခွန်သဒ္ဒါ(ဂျပန်)မှ အာရုဏ်ဆွမ်း
မုန့်ဟင်းခါးကပ်လှူခဲ့ပါတယ်။ ထုံးစံအတိုင်း ဦးဇင်းကတော့ အကျိုးဆောင်သူပေါ့၊ အိပ်ရေးပျက်ရတာတွေ အဆင်မပြေမှု အနည်းငယ်ဖြစ်ရတာတွေကိုတော့ မပြောလိုတော့ပါဘူး၊ ဒီလိုအကျိုးဆောင်ပေးရင်း ပျော်နေတတ်တာကိုက ဦးဇင်းရဲ့ ဘဝတစ်ခုလို ဖြစ်နေပြီလေ၊ အလှူရှင်တွေမှာ ပီတိဖြစ်ရသလို ဦးဇင်းမှာလည်း ထပ်တူပီတိတွေနဲ့ပေါ့။ ဒီပီတိတွေနဲ့ပဲ သီလရှင်ဆရာကြီး၊ ဆရာလေးများရဲ့အကြောင်းကို
ဆက်ပြီး ဖတ်ရှုမိသလောက်ရေး လိုက်မိတယ်။
ယခုခေတ်တွင် သီလရှင်များစွာကို တွေ့မြင်နေရသော်လည်း ထိုသီလရှင်ဆရာလေးများ၏ သဘောသဘာဝကို စိတ်ဝင်တစား လေ့လာသူနည်းပါးလိမ့်မည်ဟု ယူဆမိပါသည်။ ဦးဇင်းအနေဖြင့် ထိုသီလရှင် ဆရာလေးများ၏ဘဝကို လေ့လာမိသမျှကို အနည်းငယ်ပြန်လည် ပြောပြလိုပါသည်။ သီလရှင်ဆိုတာဘာလဲဟူသော မေးခွန်းကို ဦးစွာဖြေဆိုရမည်ဆိုလျင်…….
သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေကြသာ၊ နိက္ခမဓာတ်ခံအားကြီးသော၊ လူဝတ်ကြောင်တို့၏ အသွင်အပြင်ကို ပယ်၍ ဦးပြည်းခေါင်းတုံးလျက် သံဃာတော် မဟာနာယက ဆရာတော်ဆရာတော်ကြီးများ သတ်မ
တ်ထားသော ဝတ်စုံကို ဝတ်ဆင်ပြီး သာသနာနွယ်ဝင် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို သီလရှင် ဆရာကြီး ၊ဆရာလေးများဟု အပြင်ပန်း အြ
မင်တစ်ခုဖြင့် သိမြင်နိုင်ပါသည်။ ထိုထက်ပို၍ လေ့လာလျင်ကား ပို၍ခက်ခဲနက်နဲသော သီလရှင်တို့၏ ဘဝသမိုင်းကြောင်းကို တွေ့မြင်ကြရပါမည်။


အမျိုးသမီးသာသနာစတင်ပေါ်ပေါက်ချိန်

မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ တတိယ, စတုတ္ထ၀ါဆိုတော်မူကာ သတ္တ၀ါဝေနေယျတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး ပဉ္စမ၀ါကို ဝေသာလီအနီး မဟာဝုန်တောကြီးအတွင်း ကူဋာဂါရကျောင်းတိုက်၌ ၀ါကပ်ဆိုတော်မူလေ
၏။ ထိုအချိန်တွင် မိထွေးတော်ဂေါတမီနှင့် သာကီဝင်မင်းသမီးငါးရာတို့ ရဟန်းပြုကြသွား၍ ရဟန္တာဖြစ်ကြ ပြီးသောအခါ ထိုရဟန်းငါးရာတို့၏လူဖြစ်စဉ်အခါက ကြင်ရာဇနီးဟောင်း ငါရာတို့သည် ယခုအခါ ငါတို့မှာ သူတစ်ပါးအိမ်သို့ သွားဖို့ရန် အိမ်ထောင်သစ်ပြုဖို့မသင့်လျှော်တော့ချေ။ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီထံသို့ သွားရောက်ကြပြီးလျှင် မြတ်စွာဘုရား မြတ်စွာဘုရားထံ၌ အမျိုးသမီးများကို ဘိက္ခူနီမ ပြုလုပ်ခွင့်ရအောင် တောင်းပန်စေ၍ ရှင်ရဟန်းမပြုလုပ်ကြကုန်အံ့ဟု ကြံစည်ကြ၍ မိထွေးတော်ဂေါတမီကြီးထံသို့ သွားရောက်ကြလျက် အို မိထွေတော်ဂေါတမီ အရှင်မကြီးဘုရား ကျွန်တော်မျီုးမတို့ကို မြတ်စွာဘုရားထံ၍ သာသနာ့ဘောင်သို့ ၀င်ရောက်၍ ဘိက္ခုနီမပြုလုပ်ရန် ခွင့်ပြုချက်ရအောင် တောင်းပန်လျှောက်ထားပေးပါကုန်ဘုရားဟု တစ်ညီတစ်ညွတ်တည်း အသနာခံပြောဆိုကြသောအခါ မိထွေးတော်ဂေါတမီသည် မြတ်စွာဘုရားရှင် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ပထမအကြိမ် မြတ်စွာဘုရားရှင်ကို မာတုဂါမ မင်းမိန်းမများ ဤသာသနာတော်၌ ဘိက္ခုနီမပြုလုပ်ရန် ခွင့်တောင်းလျှောက်ထာပါသော်လည်း အခွင့်မရခဲ့သဖြင့် ဒုတိယ အကြိမ်၌ကား ဆတ္တာသည်ကို ခေါ်စေ၍ မိမိနှင့်တကွ သာကိဝင်မင်းသမီးငါးရာတို့၏ ဆံပင်များကို ပယ်ရှားရိတ်ဖြတ်စေပြီးလျှင် ဖန်ရည်ဆိုးသောအ၀တ်ငါးရာတို့ ၀တ်ရုံကြကာ ရွှေနန်းတော် အတွင်းမှာပင် မြတ်စွာဘုရားရှင်ကို ရည်ညွှန်း၍ ရဟန်းမိန်းမအသွင်ကို ကိုယ်တိုင်လည်းယူပြီး သာကီဝင်မင်းသမီး ငါးရာတို့အားလည်း ယူစေပြီးလျှင် ရဟန်မလောင်းငါးရာတို့နှင့် အတူတကွ ကပိလ၀တ်နန်းတော်မှ ဝေသာလီပြည် မြတ်စွာဘုရား သီတင်းသုံးးတော်မူရာ မဟာဝန်တောသို့ သွာရောက်ရန် စီမံကြလေသည်။

ဘုရားကျောင်းသို့ရောက်သောအခါ ထိုအမျီုးသမီးတို့သည် ငါးဆယ်တစ်ယူဇနာကွာမိုင်အားဖြင့် လေးရာကျော် ဝေးလှစွာသောခရီးကို ခြေလျင်သာ ခြေလျင်သာလာခဲ့သဖြင့် အလွန်နူးညံ့သူများ ဖြစ်ရကား ထိုအမျိုးသမီးတို့၏ ခြေတို့်၌ အဖုအလုံးများ တစ်လုံးပြီးတစ်လုံး ပေါက်ကြကာ ခြေနှစ်ဖက်စလုံးတို့တွင် ဖူးဖူးယောင်ကြွလျက် ရှိကြလေကုန်၏။ ထိုဖြစ်ရကား မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာတိုနှင့်တကွ ဝေသာလီပြည် မဟာဝန်တော ကူဋာဂါရကျောင်းတိုက် တံခါးမုခ်သို့ ရောက်လတ်သောအခါ ဖူးဖူးရောင်သော ခြေရှိလျက် မြူလိမ်းကျံသော ကိုယ်တို့ဖြင့် ဆင်းရဲပင်ပန်းစွာ မျက်ရည်နှင့်ပြည့်သော မျက်နှာတို့ဖြင့် ငိုကြွေး၍ သာလျင် တံခါးမုခ်၏ အပြင်ဘက်၌ ရပ်တန့်၍သာ နေကြကုန်၏။ ထိုအခါ မိထွေတော် မဟာပဇာပတိဂေါတမီသည် အရှင်ဘုရားအာနန္ဒာ မြတ်စွာဘုရားရှင်က အမျိုးသမီးမာတုဂါမများကို ဤဓမ္မ၀ိနယသာသနာတော်၌ ဘိက္ခုနီ ရဟန်းမ ပြုလုပ်ရန် ခွင့်ပြုတော်မမူသောကြောင့် ဤကဲ့သို့ ဆင်းရဲးကြီးစွာ တံခါမုခ်၏ အပြင်ဘက်၌ ငိုကြွေးလျှက် ရပ်တည်၍နေပါသည်ဟု အရှင်အာနန္ဒာမထေရ်အား အကြောင်းစုံကို လျှောက်ထားလေရာ အရှင်အာနန္ဒာမထေရ်သည် မိထွေးတော်ဂေါတမီ၏ ဘုရားရှင်အပေါ်၌ ကျေးဇူးများခဲ့ပုံကို မြတ်စွာဘုရားအား လျှောက်ထား၍ မိထွေးတော် ဂေါတမီကို သာသနာတော်၌ ဘိက္ခုနီမ ပြုခွင့်ရအောင် သုံးကြိမ်တိုင်တိုင် အကြောင်းအမျီုးမျီုးဖြင့် လျှောက်ထားတောင်းပန် အသနားခံလေ၏ ။

ထိုအခါ မြတ်စွာဘုရားရှင်သည် စည်းကမ်းရှစ်ချက် လွန်လေးနက်ထား ဂရုဓံရှစ်ပါကို ဟောကြားတော်မူ၍ ချစ်သာအာနန္ဒာ မိထွေတော်ဂေါတမီသည် စည်းကမ်းချက်ရှစ်ချက် ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို ခံယူလိုက်နာခြင်းသည်ပင် မိထွေးတော် ဂေါတမီ၏ ရဟန်းမ အဖြစ်ကို ရစေရမည်ဟု မိန့်ကြားတော်မူပြီးလျှင် ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားကို ဟောကြားတော်မူကာ ဘိက္ခုနီသာသနာကို ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်တွင် ပဉ္စမငါးဝါမြောက် အချိန်၌ စတင်ခွင့်ပြုတော်ပြီး၍ အမျိုးသမီး ဘိက္ခုနီမ ရဟန်းသာသနာ စတင်၍ ပေါ်ပေါက်ခဲ့သည်။

ဒါကတော့ ဘိက္ခူနီမ သာသနာပေါ်ပေါက်လာခြင်းအကြောင်း ဖတ်ရှုမိသမျှ စာအုပ်များမှ မှတ်မိသလောက် ရေးသား ဖော်ပြလိုက်ပါတယ်… ဆက်ရေးမယ်ဆိုရင်တော့အများကြီးပါပဲ. နောက်တစ်ခေါက်လှူဖြစ်မှ တစ်ခါ ထပ်တင်ပါတော့မယ်…...
ယနေ့ပြုသမျှကုသိုလ် ကောင်းမှု အစုစု၏ အဖို့ဘာဂကို အလှူရှင် များနှင့်တကွ ဝေယျာဝစ္စ အဖွဲ့များအားလုံးအပါအ၀င် သုံးဆယ့်တစ်ဘုံ ၌ ကျင်လည်ကုန်သောဝေနေယျ သုခိတ ဒုက္ခိတ သတ္တ၀ါ များအားလုံးအား အမျှ ပေးဝေပါကုန်၏။
အမျှ…အမျှ…အမျှ… ယူတော်မူကြပါကုန်လော့ အားလုံးကိုအမျှ ရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြသည် ဖြစ်ပါစေသော်ဝ်...

သီလရှင်ဆရာလေးများမေတ္တာပို့သနေပုံ

ဆက်ဖတ်ရန်...

Monday, September 7, 2009

၇.၉.၂၀၀၉ ဆွမ်းလောင်းလှူ







ယနေ့သံဃာအပါး ၆၀၀ ကျော်ကြွပါတယ်။မနက် ၄နာရီလောက်မှစ၍ သံဃာတော်များကြွချီတော် မူလာကြပါတယ်။ဆွမ်းစလောင်းချိန်ကတော့ ၅ နာရီမှာ စတင်လောင်းလှူပါတယ်။ဝေယျာဝစ္စအဖွဲ့အတွက် ချက်ပြုတ်ရေးအတွက်မန္တလေးမြို့မှ ဒါယကာကိုထက်မှ (၄)ယောက်စေလွတ်ပေးပါတယ်။ မနက်ဆွမ်းလောင်းရာမှာ ကုသိုလ်ယူကြတဲ့ ကုသိုလ်ရှင်များကတော့စစ်ကိုင်းမြို့မှ မစရဏမဉ္စူရီ တို့ညီအမများ နှင့်ဒါယကာကိုကျော်စိုးအောင်၊ကိုဇော်ဇော်အောင်၊ကိုဇော်ထွေးဦး တို့ဖြစ်ကြပါတယ်။ သံဃာတော်များ
အတွက်အုပ်ချုပ်ရေးတာဝန်ယူပေးကြတာကတော့ ဦးသုဇာတ ၊ ဦးကောဝိဒ(သုံးခွကျောင်းတိုက်)၊ နှင့် ဦးဇင်းတို့မှတာဝန်ယူကြီးကြပ်ပေးကြပါတယ်။ ပဲနှင့်သရက်ချဉ်သုပ် များကတော့အစောကြီးကုန်သွားပါတယ်။ ၀က်သားနှင့်ဖရုံသီးဟင်း ၊ ငါးခြောက်နှင့်ငရုတ်သီးကြော်တို့လောက်ငှပါတယ်။
မန္တလေးမြို့သဗ္ဗသုခ ဆွမ်းလောင်းအသင်းမှ ကိုထက်နှင့်ကိုဖြိုးတို့မှတဆင့် ဆန်တစ်အိတ်ကိုစနေနေ့မှာလှူဒါန်းထားခဲ့ပါတယ်။ သံဃာတော်များတဖြည်းဖြည်းများပြားလာပါတယ်။ လိုအပ်ချက်များကိုတော့ “ကိုပီကေ”ဖြည့်ဆည်းပေးနေပါတယ်။မုန့်ဟင်းခါးကပ်တဲ့အစီအစဉ်ကတော့ အလှူရှင်မရှိသေးတာနဲ့ဝေယျာဝစ္စအဖွဲ့လည်းမလုံလောက်မှုတွေဖြစ်နေတာနဲ့ခဏ နားထားရပါတယ်။ အဓိကကတော့ ဝေယျဝစ္စ အဖွဲ့လုံလောက်ဖို့အတွက် ဦးဇင်းတို့ကြိုးစားကြရပါမယ်။ မိုးရွာတဲ့အချိန်ဆိုရင်ပိုပြီး ခက်ပါတယ်။
ယနေ့ပြုသမျှကုသိုလ်ကောင်းမှု အဖို့ ကိုအလှူရှင်များနှင့်တကွသုံးဆယ့်တစ်ဘုံ၌ကျင်လည်ကြကုန်သောဝေနေ ယျ သုခိတ၊ ဒုက္ခိတ သတ္တ၀ါအပေါင်းတို့အား အမျှ...အမျှ...အမျှ...ပေးဝေပါကုန်၏။ အမျှ ယူတော်မူကြပါ.......
အားလုံးကို အမျှ ရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြသည်ဖြစ်ကြစေသောဝ်....

ဆက်ဖတ်ရန်...