တရားတက်ရန် လွယ်ကူမြန်ဆန်စေသော အသေးစိတ်အမူအရာ ရှုမှတ်နည်းကို သိလိုသူများအတွက် ရေးသားအပ်ပါသည်။
အသေးစိတ် အမူအရာ ရှုမှတ်ခြင်းသည် ကာယာနုပဿနာ ဦးဆောင်သော သတိပဌာန် ဖြစ်၍ ကိုယလက်လှုပ်ရှားစဉ် ဖြစ်သော စိတ်အကြံများကိုပါ ထည့်သွင်းရှုမှတ်သောအခါ စိတ္တာနုပဿနာပါ ပါဝင်လာသည်။ ကိုယ်လက်၏ ညောင်းညာကိုက်ခဲခြင်း၊ ယားယံခြင်း၊ ရေဆာရေငတ်ခြင်း စသည်များကို ထည့်သွင်းရှုမှတ်သောအခါ ဝေဒနာနုပဿနာပါ အကျုံးဝင်လာသည်။ အသေးစိတ် အမူအရာများ၊ စိတ်က ဦးဆောင်ဖြစ်နေသော အတွေးအကြံများကို လိုက်လံမှတ်သားရင်း ရုပ်နာမ်တို့၏ ဖြစ်ပျက်ကို ထင်ရှားသိသာလာသောအခါ လက္ခဏာရေး သုံးပါးကို ဆင်ခြင်၍ ဓမ္မနုပဿနာ ဖြစ်လာသည်။
အသေးစိတ်အမူအရာ ရှုမှတ်ခြင်းကို မိမိနေအိမ်၊ အခန်းထဲတွင် ပြုလုပ်နိုင်ပါသည်။ စိတ်ကို အေးချမ်းတည်ငြိမ်စေ၍ လှုပ်ရှားမှုတိုင်းကို ဖြည်းဖြည်းချင်း နှေးနိုင်သမျှ နှေးအောင် သတိထား၍ ပြုလုပ်ပါ။ လုပ်သမျှကိုလည်း စိတ်က လိုက်မှတ်သားပါ။
ယောဂီသည် ခြေလှမ်းတိုင်း ကြွဆဲ၊ လှမ်းဆဲ၊ ချဆဲ ခဏတို့တွင် ကြွတယ်၊ လှမ်းတယ်၊ ချတယ် ဟု မှတ်သားပါ။ ခြေဖဝါး ကြွလိုက်လျှင် ကြွတယ်၊ လှမ်းလျှင် လှမ်းတယ်၊ ချလျှင် ချတယ်ဟု ရှုမှတ်ပါ။
ပစ္စည်းတစ်ခုခုကို ယူလိုသော် ယူချင်စိတ် ဖြစ်လာမှုကို အရင် ရှုမှတ်ပါ။ ထို့နောက် လက်လှမ်းတယ်၊ ရွေ့တယ်၊ ထိတယ်၊ ကိုင်တယ်၊ ယူတယ် စသည်ဖြင့် အဆင့်ဆင့် ရှုမှတ်ပါ။
ဥပမာ- ရေသောက်လိုသော်
ရေသောက်ချင်တယ်-ဟု စိတ်က ဖြစ်လာသည့် အကြံကို အရင် ရှုမှတ်ပါ။ ထို့နောက် ရေအိုးဆီ လှမ်းချင်စိတ် ဖြစ်လာခြင်းကို လှမ်းချင်တယ်-ဟု ရှုမှတ်ပါ။
ခြေဖဝါး ကြွလာခြင်းကို ကြွတယ်၊ လှမ်းဆဲခဏတွင် လှမ်းတယ်၊ ဖြေဖဝါး ပြန်ချလျှင် ချတယ် -- ရှုမှတ်ပါ။ ခြေလှမ်းတိုင်း ဤသို့ ရှုမှတ်ပါ။
ရေအိုးအနား ရောက်လျှင် ရေခပ်ချင်တယ်ဟု ဖြစ်လာသည့် စိတ်ကို ရေခပ်ချင်တယ်-ဟု လိုက်ရှုမှတ်ပါ။ ထို့နောက် လက်ဆန့်လာလျှင် ဆန့်တယ်၊ လက်လှမ်းတယ်၊ ရေခွက်ကို ထိလျှင် ထိတယ်၊ ရေအိုးအဖုံးဖွင့်လျှင် ဖွင့်တယ်၊ ရေခပ်လျှင် ခပ်တယ်၊ သောက်လျှင် သောက်တယ် လိုက်ရှုမှတ်ပါ။ ရေခွက်နှင့် နှုတ်ခမ်း ထိလျှင် ထိတယ်၊ ရေသောက် (မျိုချ)လျှင် သောက်တယ် မှတ်ပါ။ ရေခွက် ပြန်ချလျှင် ပြန်ချတယ်-ဟု မလွတ်တမ်း ရှုမှတ်ပါ။
ဘုရားကန်တော့လျှင် ဖြည်းဖြည်း ကန်တော့၍ လက်အုပ်ချီခြင်းမှ စ၍ လက်အစုံနှင့်တကွ ခန္ဒာကိုယ် ရှေ့သို့ ဖြည်းဖြည်းချင်း ကိုင်းညွတ်ကျလာခြင်းကို စိတ်က အဆင့်ဆင့် လိုက်မှတ်ပါ။ လက်အုပ် ပူးလာလျှင် ပူးတယ်၊ နဖူးဆီ ထိလာလျှင် ထိတယ်၊ ရှေ့ကို ညွတ်လာလျှင် ညွတ်တယ်၊ ဦးချလျှင် ဦးချတယ်၊ နဖူးနှင့် ကြမ်း ထိလျှင် ထိတယ်၊ ပြန်ခွာလျှင် ခွာတယ်၊ နဖူး ပြန်ကြွတက်လာလျှင် ကြွတယ် အသေးစိတ် စိတ်က လိုက်မှတ်ပါ။
အသံကြားလျှင် ကြားတယ်၊ ပူလျှင် ပူတယ် လိုက်မှတ်ပါ။
မြင်သမျှဆီ စိတ်အာရုံရောက်လျှင်လည်း မြင်တယ်၊ မြင်တယ် ဟု မှတ်သားပါ။
စိတ်ပြန့်လွင့်ခြင်းကိုလဲ မလွေမသွေ ကြုံရတတ်ပါသည်။ တွေးလျှင် တွေးတယ်၊ တစ်ဦးဦး၊ တစ်ခုခုကို သတိရလျှင် သတိရတယ်၊ သတိရတယ်၊ စိတ်ညစ်လျှင် စိတ်ညစ်တယ်၊ စိတ်ညစ်တယ်-- စသည်ဖြင့် ရုပ်နှင့်စိတ်က ဘာလုပ်လုပ် လုပ်သမျှကို လိုက်ရှုမှတ်ပါ။
ဖြည်းဖြည်းချင်း လုပ်သွားလျှင် နောက်ရက်များတွင် ကိုယ်အမူအရာကို ပိုမို နှေးကွေးစွာ လုပ်နိုင်လာပြီး အမှတ်သတိများလည်း ပိုအားကောင်းလာပါလိမ့်မည်။ ထိုအခါ မျက်တောင် အဖွင့်အပိတ်ကအစ ဖြည်းဖြည်းချင်း လှုပ်ရှားပြီး မျက်စိဖွင့်လျှင် ဖွင့်တယ်၊ မျက်တောင်ခတ်လျှင် ခတ်တယ် လိုက်မှတ်ပါ။
ခြေလှမ်းကြွလျှင် ကြွတယ်၊ လှမ်းတယ်၊ ချတယ်သာ မကတော့ဘဲ ကြွချင်စိတ်၊ လှမ်းချင်စိတ်များပါ ထည့်ရှုမှတ်နိုင်လာပါမည်။ ကြွချင်တယ်- ကြွတယ်၊ လှမ်းချင်တယ်-လှမ်းတယ်၊ ချချင်တယ်-ချတယ် -- ဟု စိတ် (နာမ်) ရှေ့ဆောင်၍ ရုပ်က လှုပ်ရှားသမျှကို စိတ်ကိုရော ရုပ်ကိုပါ မလွတ်တမ်း လိုက်မှတ်ပါ။
တရားထိုင်တော့မည်ဆိုလျှင် ထိုင်ချင်တယ် -ဟု ဖြစ်သော စိတ်အကြံကို ရှုမှတ်ပါ။ ထို့နောက် ခြေလှမ်း ရွေ့လာခြင်းကို မှတ်ပါ။ တရားထိုင်မည့် နေရာသို့ ရောက်လာခြင်း၊ ဖြည်းဖြည်းချင်း ကိုယ်ကို ကွေးညွတ်၍ ဒူးထောက်ခြင်း၊ ဘုရားကန်တော့ခြင်း၊ တရားထိုင်ရန် တင်ပလ္လင် (သို့မဟုတ်) မိမိအဆင်ပြေသလို ထိုင်လိုက်ခြင်းများကို ရှေ့ဖြစ်သော စိတ်အကြံနှင့်တကွ လိုက်မှတ်သားပါ။
တရားရှုမှတ်ရာတွင် ဝင်လေထွက်လေကို ရှုမှတ်ခြင်း၊ ဝမ်းဗိုက် ဖောင်းတယ်-ပိန်တယ် ရှုမှတ်ခြင်းတို့တွင် မိမိနှစ်သက်ရာ၊ မိမိနှင့် အဆင်ပြေ လွယ်ကူရာကို ရှုမှတ်နိုင်သည်။ အဆစ်အမြစ်ကိုက် ဝေဒနာ၊ ချဉ်ဆီအားနည်းမှုတို့ကြောင့် ကြာကြာ မထိုင်နိုင်သော ပုဂိုလ်များ အသေးစိတ် အမူအရာကို ဦးစားပေး ရှုမှတ်ခြင်းသည် သင့်လျော်သည်။ တရားထိုင်ကျင့် မရှိ၍ ကြာကြာမထိုင်နိုင်ဘဲ စိတ်ပျက်အားငယ်လာလျှင်လည်း အသေးစိတ် အမူအရာကို ပြောင်းလွဲရှုမှတ်ခြင်းဖြင့် ဆက်လက်အားထုတ်နိုင်သည်။
Friday, July 31, 2009
အသေးစိတ်အမူအရာ ရှုမှတ်နည်း (ဦးသောဘိတ၊ ဦးဘဒ္ဒိယ)
ပေါင်းဝှာရွှေဆိုင်မိသားစု အလှူနဲ့ ဇူလိုင် ၃၀ ဆွမ်းကျွေး ဓာတ်ပုံများ
မန္တလေးမြို့ ၈၉ လမ်းနဲ့ ၂၉ လမ်း-လမ်း၃၀ ကြား ပေါင်းဝှာရွှေဆိုင် ဇနီးမောင်နှံနှင့် ရင်သွေးငယ် လေးက စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှ ဦးဇင်း ဦးသုဇာတကို သံဃာတော်များအား ဆွမ်းကပ်လှူရန် အလှူငွေ ၅၀၀၀၀ ကျပ်မှ ဖြစ်သော ဆွမ်းပဒေသာပင် ဆက်ကပ်နေခြင်း ဖြစ်ပါ တယ်။ပေါင်းဝှာရွှေဆိုင် မိသားစုဟာ စစ်ကိုင်းတောင်မှာ ဆွမ်းဆက်ကပ်လှူဒါန်းနေကြောင်း သတင်းကို ဖတ်ရှုရပြီး နောက် လစဉ် ဆွမ်းအတွက် ၅၀၀၀၀ ကျပ် လှူဒါန်းမည်ဖြစ်ကြောင်း ဆက်သွယ်လာခြင်း ဖြစ်ပါတယ်။
ဆွမ်းဘုဉ်းပေးနေတဲ့ သံဃာတော်တွေ။ ဦးဇင်းတွေဆိုရင် ဆွမ်းပွဲ ချပေးရုံနဲ့ ကပ်ရာမရောက်လို့ တစ်ထောင့်ထွာ အကွာအဝေးအတွင်း ဝင်ပြီး စားပွဲကို ထိပြီး ဆက်ကပ်ဖို့ သေချာ မှာရပါတယ်။
နေမကောင်းပေမယ့် ဆွမ်းခံကြွလာတဲ့ စာသင်သား သံဃာတစ်ပါးThursday, July 30, 2009
ဆွမ်းကပ်နေပြီ LIVE
ဒီနေ့ ၅ နာရီ ၁၀ မိနစ်က စပြီး မုန့်ဟင်းခါး အရုဏ်ဆွမ်း ကပ်နေပါပြီ။ အရုဏ်ဆွမ်း ဘုဉ်းပေးပြီးတဲ့ ကိုယ်တော်တွေကိုလဲ နေ့ဆွမ်း တစ်ပါတည်း သပိတ်ထဲထည့် ဆက်ကပ်နေကြပါပြီ။ နေ့ဆွမ်းအတွက် ဟင်းက ဝက်သားနဲ့ (မပါမဖြစ်) အာလူး၊ အစိမ်းကြော်၊ ပဲနီတို့ ဖြစ်ပါတယ်။ ဆွမ်း စ,ကပ်ပြီး ၁ နာရီကျော်မှာ ဆွမ်းခံကိုယ်တော် ၄၁၀ ကျော်နေပါပြီ။ ထပ်လဲ ကြွနေဆဲပါ။
''အရှင်ဘုရား၊ မုန့်ဟင်းခါး ဘုဉ်းပေးပြီးပြီလား''
''ကိုရင်တွေ ဘလိတ်ဓား လှူတယ်နော်။ ခေါင်းရိတ်ခဲ့ကြပါ''
''ဟိုကိုရင်လေး ပဲမရသေးဘူး။ ပဲလောင်းလိုက်ပါဦး''
''ကိုရင် သပိတ် ရှေ့နည်းနည်း တိုးပေးပါ''
''အရှင်ဘုရားတို့၊ ရှေ့အပတ် တနင်္လာနေ့လဲ ကြွပါဘုရား။ တနင်္လာနေ့တိုင်း ကြွပါ''
''ဦးဇင်းတို့ မုန့်ဟင်းခါးဆွမ်း ဘုဉ်းပေးဖို့ ကြွပါဘုရား''
မနေ့ညနေက ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေးက ကိုထက်က လိုအပ်နေတဲ့ ယောက်ချိုဇွန်း ၂ ချောင်း၊ ဟင်းရည်လိုက်တဲ့ ချိုင့် ၂ လုံး၊ ဒယ်အိုးအလတ် ၂ လုံး လှူသွားပါတယ်။
''ဆွမ်းဟင်းခွက် မရှိတဲ့ ကိုရင်လေးတွေ ဘယ်နှစ်ပါးလောက် ရှိလဲ။ ဝတ်ခွက် မရှိတော့ ပတ္တပိုဏ် ဘုဉ်းပေးရမှာပေါ့''
''ဝတ်ခွက် (ဆွမ်းဟင်းခွက်) မရှိတဲ့ ကိုရင်လေးတွေ တနင်္ဂနွေကျ ဝတ်ခွက် လာယူကြပါ''
''အရှင်ဘုရား သပိတ်က ပဲ့နေတယ်။ မရှိဘူးလား''
''ဦးဇင်းတွေဝိုင်း သွားကပ်လေ။ ဦးဇင်းတွေကို ကပ်ပေးနော်''
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဗက)က ပလောင် ကိုရင်လေးတစ်ပါး ဝတ်ခွက်မပါ၊ သပိတ်က အဖုံးပဲ့၊ သင်းပိုင်ကလဲ နွမ်းနေလို့ လှူဒါန်းဖို့ စီစဉ်နေပါတယ်။ ဝတ်ခွက် မရှိရှာတဲ့ ကိုရင်လေးတွေကိုလဲ ဆွမ်းခံ အဆင်ပြေအောင် လာမယ့် တနင်္ဂနွေနေ့ ဝတ်ခွက် လှူကြပါမယ်။
ကိုရင်အငယ်လေး တစ်ပါးက လိုက်ပွဲ ထပ်လိုချင်သေးတော့ ''မုန့်ဖတ်'' ဆိုပြီး ကလေးသံ စာစာလေးနဲ့ မိန့်လို့ ကပ်ရပါသေးတယ်။ ဝတ်ခွက် မရှိတော့ သပိတ်ထဲ ဆွမ်းရော ဆွမ်းဟင်းရော အကပ်ခံတဲ့ ဦးဇင်းတစ်ပါးကိုလဲ တနင်္ဂနွေနေ့ ဝတ်ခွက် အလှူခံဖို့ လျှောက်ထားရပါတယ်။ ဝတ်ခွက်မရှိတာက ခုချိန်ထိ စုစုပေါင်း ၈ ပါးပါ။
ဝက်သားနဲ့ အာလူးက စောစောပြတ်သွားပါတယ်။ မနက် ၆ နာရီခွဲမှာတော့ ဆွမ်း လေးလုံးချက်ခန့်နဲ့ ပဲ အနည်းငယ်ပဲ ကျန်ပါတော့တယ်။ သံဃာတွေက ကြွလာနေဆဲပါ။ သံဃာ ၃၀၀ ကျော် ရှိတဲ့ စာသင်တိုက် တစ်ခုကို ပဲဟင်းတစ်ချိုင့် လောင်းလှူပါတယ်။ ဒီကျောင်းက ဝက်သားဟင်းနဲ့ အစိမ်းကြော်တော့ မမီတော့ပါဘူး။
''နောက်ရက်တွေလဲ တနင်္လာနေ့တိုင်း ဆွမ်းခံကြွပါဘုရား''
မနက် ၆ နာရီခွဲမှ ကြွလာတဲ့ သံဃာတွေထဲက ပထမလတ်တန်း တက်နေတဲ့ သိက္ခာတော် လေးဝါရ ဦးဇင်းငယ် တစ်ပါးက နေမကောင်းလို့ ကော်ဖီနဲ့ဆေး ကပ်ရပါသေးတယ်။ မကျန်းမာတဲ့ကြားက ဆွမ်းခံကြွရတဲ့ ဦးဇင်းကို ဆွမ်းခံပြန်ရင် ဘုဉ်းပေးနိုင်အောင် ဆေးနဲ့ ခေါက်ဆွဲထုပ်ပါ ကပ်ပါတယ်။
တစ်ချို့ကိုရင်လေးတွေက ရွယ်တူကလေးတွေ အိပ်ကောင်းတုန်းအချိန် မနက် ၄ နာရီလောက်ကတည်းက ကြွလာကြတာပါ။ နေ့ဆွမ်းက ဆွမ်းခံကြွရင် ကောင်းကောင်းဆိုးဆိုး အတန်အသင့် ရသေးပေမယ့် အရုဏ်ဆွမ်းက လစဉ် ပုံမှန် ဆွမ်းဆန်အလှူရှင် မရှိတဲ့ ကျောင်းတွေမှာ ချို့ငဲ့ကြပါတယ်။ ဒီတော့ ဆာတတ်တဲ့အရွယ် လူမမယ် ကိုရင်လေးတွေ အရုဏ်ဆွမ်းကို ဝီရိယကောင်းကောင်း အစောဆုံး ကြွလာပြီး လာဘုဉ်းပေးကြတာပါ။
သံဃာမကုန်ခင် မုန့်ဖတ် ပြတ်သွားလို့ နောက်ထပ် လေးပိဿာ ထပ်ဝယ်ရပါသေးတယ်။ ဟင်းချက်အဖွဲ့က ဟင်းရည်ကို ပျစ်ပျစ်ကောင်းကောင်း၊ ငါးဖယ်နဲ့ ဘဲဥ များများထည့်ပြီး လက်စွမ်းပြချက်ပါတယ်။
နေ့ဆွမ်းက ဝက်သားဟင်းကို များများ ကပ်နိုင်အောင် အာလူးရောတယ်။ လာမယ့်အပတ်လဲ ရွှေဖရုံသီး ဒါမှမဟုတ် အသီးအနှံ တစ်မျိုးမျိုး ရောဖို့စိတ်ကူးထားပါတယ်။ ကြက်ကတော့ ဈေးပိုကြီး၊ ကပ်ရင်လဲ ခေါင်း ခြေထောက် တောင်ပံတွေ ပါတဲ့ ဆွမ်းခွက်က ပါ၊ ရင်ပုံတို့ ပေါင်သားတို့ ရတဲ့ ဆွမ်းခွက်ကရဆိုတော့ အပါးရေ များများကို ကုန်ကျစရိတ် ခြိုးခြိုးခြံခြံနဲ့ ကပ်နေရချိန်မှာ ဝက်သားက ပိုအဆင်ပြေပါတယ်။ ဝက်သားက ပိုများများရသလို အသားချည်းပဲမို့ ပိုလဲ မျှမျှတတ ကပ်ပျော်ပါတယ်။ ဘာသားဖြစ်ဖြစ် အလှူအတွက် သတ္တဝါတွေ မသေကြေရအောင် ပံ့သကူသားကိုသာ စီမံပါတယ်။ ကြက်သား အာလူးဟင်း၊ ကြက်သားကြာဆံချက်တွေ ကပ်တဲ့ နေ့တွေကလဲ ကြက်ကို အကောင်ရေနဲ့ မဝယ်ပဲ ပိဿာလိုက်သာ ဝယ်ပါတယ်။
သာရေး နာရေး၊ အိမ်တက် စတာတွေမှာ ဆွမ်းကျွေးဖိတ်ရင် ငါးပါး၊ ၃ ပါး၊ စသဖြင့် နိုင်သလောက်သာ ဖိတ်ကြားပါတယ်။ ကျောင်းထိုင် ဆရာတော်ကြီးနဲ့ ကျန်မထေရ်ကြီးတွေမှာလဲ အလှူရှင်က သူတို့ကို ဦးစားပေး ဖိတ်မံတာမို့ မကြွမဖြစ် ကြွရောက်ချီးမြှင့်ရ၊ တရားပေးရပါတယ်။ စာသင်သား ဦးဇင်းငယ်တွေကို စေလွှတ်ရင် အလှူရှင် အားမရမှာလဲ ငဲ့ရပါတယ်။ ဒီတော့ ကျောင်းမှာ လာလုပ်တဲ့ အလှူနဲ့ ခုလို ဘုံလောင်း အလှူမျိုးမှာ ဦးဇင်းငယ်တွေရော သာမဏေတွေပါ ပိုအဆင်ပြေပါတယ်။
သက်သတ်လွတ် ကပ်ချင်တဲ့ ဒကာဒကာမတွေ ရှိပါမယ်။ သံဃာတော်နဲ့ သာမဏေ အများစုဟာ တောရွာများကနဲ့ တောင်ပေါ် တိုင်းရင်းသား ဒေသများက ဖြစ်ပါတယ်။ အညာသား ဦးဇင်းတွေ၊ ရှမ်း မွန် ရခိုင် ပလောင် ဝ ဦးဇင်းနဲ့ ကိုရင်လေးတွေပါ။ ဆွမ်းခံတာလဲ မန္တလေးအခေါ် ၁၀ ပြလောက်ကို စစ်ကိုင်းမြို့ထဲ လမ်းလျှောက်ကြွပြီး ဆွမ်းခံရတဲ့ကိုယ်တော်တွေ၊ တောင်ပေါ်ကျောင်းက ဆင်းလာပြီး ရွာတွေထဲ ဆွမ်းခံကြွ၊ တောင်ပေါ်ပြန်တက်ရတဲ့ ကိုယ်တော်တွေဟာ စာဝါတွေကလဲ အများကြီး လိုက်ရသေးတော့ ဆာလောင်ကြပါတယ်။ များများလဲ ဘုဉ်းပေးနိုင်ကြပါတယ်။ သက်သတ်လွတ်ဆိုရင် သာမည ဒေသမှာလို ပဲတို့၊ အသားတုတို့၊ အသီးအရွက်တို့ ဟင်းခွက်များများ အဆင်ပြေပြေ ကပ်နိုင်ရင် အကြောင်းမဟုတ်ပေမယ့် အာဟာရ ပြည့်ဝအောင် ဒီလို လောက်လောက်ငင စီမံ မပေးနိုင်ရင်တော့ သိပ်အဆင်မပြေလှပါဘူး။
Wednesday, July 29, 2009
သာသနာ့ဝေပုလ္လကျောင်း အခမဲ့ ကွန်ပျူတာသင်တန်း မီးစက်အလှူရှင်များ
စစ်ကိုင်းသင်တန်းမှာ မီးစက်ဝယ်ဖို့ မာတီမှ ဒါယကာကိုဘီလီတို့ဦးဆောင်၍ ဇန်န၀ါရီလမှစ၍အလှူငွေ ကောက်ခံခဲ့ပါတယ်။ဒါယကာတွေမှာလည်း လုပ်ငန်းတစ်ဖက်နဲ့ဆိုတော့ အခက်အခဲတွေကြားထဲက ဆောင်ရွက်နေရတာဖြစ်လို့ မီးစက်အောင်မြင်ဖို့ ဝေးနေပါတယ်။ အလှူငွေကလည်း မပြည့်စုံသေဘူး ဖြစ်နေခဲ့ပါတယ်။ ဦးဇင်းမှာလည်းတစ်ရက်ကို ၁၅၀၀ ကျပ်နှုန်းဖြင့် မီးစက်ဌားရမ်းသုံးစွဲနေခဲ့ရပါတယ်။ ဒီကြားထဲဆီ ဖိုးနဲ့ဆိုတော့ ဦးဇင်းလည်း တော်တော်ကို ခက်ခဲနေခဲ့ပါတယ်။
မုံရွာက ကိုဘီလီထံကို ကိုပီကေနှင့်အတူကြွရောက်ခဲ့ရာမှာတော့ ကိုဘီလီက အောက်ပါအလှူရှင်များကတော့ အလှူငွေများလှူဒါန်းထားခဲ့ပြီဖြစ်ကြောင်း၊ အလှူငွေမပြည့်စုံသဖြင့် မီးစက်မှာကြာနေရခြင်းဖြစ်ကြောင်း မီးစက်ပြီးစီးနိုင်ရန်အတွက် အလှူငွေခြောက်သိန်းကျပ်ခန့်လိုအပ်ကြောင်းများ လျှောက်ထားခဲ့ပါတယ်။ ။နောက်ဆုံးမှာတော့ မီးစက်အဆင်ပြေဖို့ အတွက် ဒါယိကာမကြီးဒေါ်ဝါ၀ါခိုင်မင်း၊ ကိုရန်အောင်တို့နှင့် ရွာသားလေးဝိုင်တီယူတို့ ဦးဆောင် သောအဖွဲ့ကြိုးစားမှုကြောင့် မီးစက်အတွက် အလှူငွေပြည့်စုံသွားခဲ့ပါတယ်။
ကိုဘီလီထံမှရသော အလှူရှင်များစာရင်း
၁။ ကိုဇောင်း နှင့် ကိုကြီး(စင်ကာပူ) တို့မှလွဲငွေ ၂၀၀၀၀၀ိ/နှစ်သိန်းကျပ်
၂။ ကိုဘီလီ (မုံရွာ) ယခုမီးစက်ဆင်မည့်သူ ၁၅၀၀၀၀ိ/တစ်သိန်းခွဲကျပ်
၃။မမီးမီး (uk) ၂၀၀၀၀၀ိ/ နှစ်သိန်းကျပ်
၎။ကိုဝင်းထိုက် (မန္တလေး) ၆၅၀၀၀ိ/ ခြောက်သောင်းငါးထောင်ကျပ်
၅။ကိုချစ်(မန္တလေး) ၃၀၀၀၀ိ/ သုံးသောင်းကျပ်
၆။စနိုး(ပြင်ဦးလွင်) ၄၀၀၀၀ိ/လေးသောင်းကျပ်
၇။မူးမူး+မိုးရေ (စင်ကာပူ) ၆၀၀၀၀ိ/ ခြောက်သောင်းကျပ်
၈။အောင်ဆန်းဂျနရေးရှင်း ၁၀၀၀၀၀ိ/တစ်သိန်းကျပ်တို့ဖြစ်ခဲ့ပါတယ်။
ဆက်လက်ပြီး မီးစက်အပြီးသတ်အောင်မြင်နိုင်ရန် အောက်ပါအလှူရှင်များမှလှူဒါန်းခဲ့ကြပါတယ်။
(၁)http://myin-mo-oo.blogspot.com/ဒေါက်တာဥာဏ်+ဒေါ်ဝါ၀ါခိုင်မင်း ၊ သမီးလေး မေမြတ်နိုးခိုင် မိသားစု (ဂျပန်)မှ အလှူငွေ ၅၀၀၀၀ ကျပ်
(၂)မသန်းသန်းမြင့် (စင်္ကာပူ)မှ မိဘများဖြစ်သူ ဦးစိန်ထိုက် + ဒေါ်အေးအေးသန်းတို့ကို ဦးထိပ်ပန်ဆင်၍ အလှူငွေ စင်္ကာပူဒေါ်လာ ၁၀၀(S$ 100) (၇၈၀၀၀ ကျပ်) ခန့်
(၃)."http://sakura-myanmar.blogspot.com/စံ + နုနု မိသားစု( ဂျပန်)မှ ယန်း ၁၃၀၀၀ ( ကျပ်တစ်သိန်းခွဲ)ခန့်
(၄)ပိုးပိုး(စင်္ကာပူ)မှ (ဖေဖေ ဦးတင်ဦး + မေမေ ဒေါ်လှမြင့်သန်း)တို့ ကို ဦးထိပ်ပန်ဆင်ပြီး အလှူငွေ စင်္ကာပူဒေါ်လာ ၃၀ ( S$30.00)(၂၃၄၀၀ ကျပ်)ခန့်
(၅)မရတနာခင်လတ် နဲ့ နမ်းခမ်းမိုင်( စာဖတ်သူ-ဂျပန်) မှ အလှူငွေ ယန်း ၅၀၀၀ (၅၅၀၀၀ ကျပ်)ခန့်
(၆)ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)မှ အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀(US$100.00)(၇)အလှူရှင်တစ်ဦး(ယူအက်စ်အေ)မှအလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀(US$100.00)
(၈)ကိုသိန်းပို+မနီနီထွေး ၊ သမီး မငြိမ်းစုထွေး မိသားစု (စာဖတ်သူ-စင်္ကာပူ)မှ ၃၀၀၀၀ ကျပ် (S$40.00)(၉)ကိုမျိုးကျော်+မချောစုစုဝင်း(စာဖတ်သူ-စင်္ကာပူ)မှ ၃၀၀၀၀ ကျပ် (S$40.00)အခုတော့မီးစက်အတွက်ကိုအထက်ပါအလှူရှင်များကောင်းမှုနဲ့အဆင်ပြေပါတော့မယ်.......ဆက်လက်၍ မီးစက်အတွက်စက်သုံးဆီတစ်နေ့လျှင် သုံးဂါလံခန့်ကုန်ကျလျှက်ရှိရာ လှူဒါန်းလိုသူများအနေဖြင့်
မီးစက်အတွက်အလှူခံကိုယ်စားလှယ်မောင်နှမများ...
ဝါ၀ါခိုင်မင်း (nanwarwarmg@gmail.com) (ဂျပန်)
ကိုရန်အောင်(aungyan@gmail.com) (အမေရိကန်)ရွာသားလေး(YTU)(mailto:donationformyanmar@gmail.com)
ဒေါ်ဥမ္မာဌေး dimple.two@gmail.com (ရန်ကုန်)
ကိုညီညီ konyinyi.08@gmail.com (ရန်ကုန်)သို့ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်....
စစ်ကိုင်းသင်တန်းမှာ သံဃာတော်များ၊ သီလရှင်ဆရာလေးများသာမက လူကြီးလူငယ်မရွေးကိုလဲ အခမဲ့ ပညာဒါန ပြုနေပါတယ်။ မီးစက်အလှူရှင်များအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး မဂ်ဖိုလ်တရားများ လျင်မြန်စွာ ရရှိပိုင်ဆိုင်ကြပါစေ။
(နောက်ဆက်တွဲ)
ထိုင်ဝမ်မှ ဒကာမ မမြတ်မွန် (www.decembermon0312.multiply.com)က မီးစက်အတွက် ဆီဖိုးငွေ ကျပ် တစ်သိန်းကို လှူဒါန်းပါတယ်။ လတ်တလော ဓာတ်ဆီ အဆင်ပြေသွားပါပြီ။
Monday, July 27, 2009
ဆက်သွယ်လှူဒါန်းရန်
ဦးဇင်းရဲ့ပညာဒါနနှင့်ဆွမ်းလောင်းအသင်းများသို့ ဆက်သွယ်လှူဒါန်းလိုသူများအနေဖြင့် ဦးဇင်းဆီကိုတိုက်
ရိုက်လှူဒါန်း သည်ဖြစ်စေ၊ တဆင့်လှူဒါန်းသည်ဖြစ်စေ အောက်ပါလိပ်စာများသို့ဆက်သွယ်ပေးကြပါရန်နှင့်
အပတ်စဉ်အလှူငွေစာရင်းရှင်းတမ်းများကိုလည်း အောက်ပါစေတနာရှင်များမှ ဖော်ပြသွားပေးမည်ဖြစ်ပါတယ်။
တာဝန်ခံများ
မ၀ါဝါခိုင်မင်း
ကိုရန်အောင်
ရွာသားလေး (YTU)
July Dream
မဥမ္မာဌေး
မည်သည့်နိုင်ငံမှ လှူဒါန်းသည်ဖြစ်စေ အထက်ပါ မေးလ်များသို့ ဆက်သွယ်ပေးကြပါရန်ဦးဇင်းကိုယ်တိုင် အကြောင်းကြားအပ်ပါသည်။ အလှူရှင်စာရင်းများ မရှင်းလင်းသည်များကိုလည်း ဆက်သွယ် နိုင်ကြပါတယ်။
Friday, July 24, 2009
မုန့်ဟင်းခါးနဲ့ သက်သတ်လွတ် ဖြစ်သွားတဲ့ နေ့ဆွမ်း
ဒီနေ့ မနက် ၅ နာရီကျော်ကစပြီး ဆွမ်းစလောင်းပါတယ်။ ကျောင်းတိုက်တွေက သံဃာတွေ သာမဏေတွေ အတန်းလိုက် အစုလိုက် လာရောက် ဆွမ်းခံကြတာ အခု ပို့စ်တင်နေဆဲအချိန်မှာ အပါး ၄၀၀ ကျော်နေပါပြီ။
''ပန်းကန်ချ။ ပန်းကန်ချ''
''ပန်းကန်မလောက်ဘူး ဖြစ်နေတာကို''
''အရှင်ဘုရား။ သပိတ် ဒီမှာ ခဏတင်ထားပါနော်''
''အဝ ဘုဉ်းပေးနော်။ အားရပါးရဘုဉ်းပေးပါ''
''ကိုယ်တော်လေး ဘုဉ်းပေးပြီးပြီလား''
''ပန်းကန်မမီမှာစိုးလို့။ ပန်းကန် တစ်ယောက်ဆေး။ မင်းက ရေခပ်ပေးလိုက်''
''ကိုရင်လေး။ ဘုဉ်းမပေးရသေးရင် ခဏ ထိုင်စောင့်ပါနော်အရှင်ဘုရား''
''ဒီကိုရင်လေးက မုန့်ဖတ်တဲ့။ ဟိုကိုရင်လေးရော''
''ခုံတစ်လုံး ထပ်ပေးပါဦး။ ဒကာမကြီး ပန်းကန်..''
မုန့်ဟင်းခါးကို ငါးဖယ် ဘဲဥတွေနဲ့ ချက်ကပ်ပါတယ်။ ဆရာတော် တစ်ပါးက ဆွမ်းဘုဉ်းပေးပြီးတော့ နေရာမှာပဲ ဆုချီးမြင့်ပါတယ်။ နောက်ဆွမ်းလောင်းတွေမှာ ဘာလောင်းရင် သင့်တော်မလဲဘုရား၊ ဘာပစ္စည်းလေးတွေရော တွဲကပ်ရင် ကောင်းမလဲဘုရားဆိုတော့
''ဘာဖြစ်ဖြစ် ကောင်းတာပါပဲ။ ဘာလိုအပ်တယ်က မပြောကောင်းဘူးလေ''
လို့ ပြန်အမိန့်ရှိပါတယ်။
ဘုဉ်းပေးပြီးချိန်မှာ သပိတ်များထဲ အစိမ်းကြော်နဲ့ ပဲဟင်း ဆက်ကပ်ပါတယ်။ ဒီနေ့ကတော့ နေ့ဆွမ်းက ချွေတာရေး ဖြစ်သွားတာ တောင်းပန်ပါတယ်။
ကိုရင်ငယ်လေးတွေက မမီလိုက်တာစိုးလို့ ပြေးလာကြတာလဲ ကြည်နူးစရာ တွေ့ရပါတယ်။ ခုံတွေ စားပွဲတွေ မလောက်တော့ တစ်ချို့ကိုယ်တော်တွေ အေးအေးဆေးဆေးပဲ စောင့်ပေးနေကြပါတယ်။
Thursday, July 23, 2009
ဇူလိုင် ၂၃ ဆွမ်းအလှူ
တောင်ကုန်းတွေပေါ်က ကျောင်းအသီးသီးကနေ သံဃာတော်နဲ့ သာမဏေ အပါး ၄၈၀ ဆွမ်းခံကြွလာကြပါတယ်။ အရုဏ်ဆွမ်းကို ကြက်သားကြာဇံချက် လောင်းလှူတော့ စားပွဲကုလားထိုင် မလောက်ငလို့ ဦးဇင်းနဲ့ ကိုရင်လေးတွေ အတော်များများ မညည်းညူဘဲ အဆင်ပြေသလို ဘုဉ်းပေးသုံးဆောင်ကြပါတယ်။ မနေ့က မုန့်ဟင်းခါးဆွမ်း အရုဏ် ကပ်လှူပြီးပြီဆိုတော့ ဒီနေ့အတွက် အပြောင်းအလဲဖြစ်အောင် ကြာဇံချက် ကပ်မယ်လို့ ဦးဇင်းဦးကောဝိဒက အကြံရတာပါ။







