Sunday, December 13, 2009

မြရတနာရွာက စတုဒီသာ

ရေစက်ချ လှူဒါန်းပြီး ရေစ,ပေးဝေနေတဲ့ ကိုကြီး

ရေကြည့်ရေသန့် ခပ်ကြစို့





(စတုဒီသာ အလှူပုံတွေ ဆက်လက်တင်ပေးပါမယ်)


မြရတနာရွာမှာ ကိုကြီး (ကိုရီး)ရဲ့ ရေတွင်းအလှူ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကိုဖြိုးနဲ့ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး) သူငယ်ချင်း နှစ်ဦးက ဒီနေ့ ရွာလုံးကျွတ် စတုဒီသာ အလှူပေးပါတယ်။


မီးခိုးတိတ်အလှူဆိုတော့ ကလေး လူကြီး ဘုစုခရုမကျန် အိမ်တိုင်းစေ့ လူကုန်လာကြတယ်။ ဝက်သားဆီပြန်ဟင်း၊ သရက်ချဉ်၊ ပဲနှပ်တွေ ချက်တယ်။ ''တော်တော် စားတယ်၊ ဝက်သား အချိန် ၆၅ ပိဿာ ချက်ရတယ်၊ ပဲ ၁၅ ပိဿာ'' လို့ ဝမ်းမြောက်နေတဲ့ အလှူရှင် ကိုထက်က ပြောပြတယ်။


မနက်ပိုင်းမှာ မန္တလေးက စာရေးဆရာတွေက ဟောပြောပွဲ လုပ်တယ်။ (ဟောပြောပွဲ အကြောင်း နောက်ဆက်တွဲ တင်ပေးပါမယ်။)


အနာကြီး ရောဂါသည်ရွာဆိုပြီး လူအသွားအလာနည်းတဲ့ ရွာကလေးမှာ ကြုံတောင့်ကြုံခဲ အလှူဆိုတော့ ရွာရှိလူကုန် လာအားပေးကြတာ ကြည်နူးစရာကြီးပါပဲ။ ပင်ပင်ပန်းပန်း ရုန်းကန်ရတဲ့ တောသူတောင်သားတွေပီပီ လေးငါးပန်းကန်လောက်ကို အဝစားကြတာ အလှူရှင်တွေလဲ ဝမ်းသာ၊ လိုက်လာဝိုင်းဝန်းကြသူတွေလဲ ပျော်လို့။ တစ်ချို့က မြို့က ဧည့်သည်တွေရှေ့ အားရပါးရ စားရမှာ ရှက်နေလို့ ကိုကြီးတို့က သူတို့ မရှက်အောင်၊ လွတ်လွတ်လပ်လပ် စားအောင် တစ်ဝိုင်းပြီးတစ်ဝိုင်း လိုက်စ,နောက်ပေးရသေးတယ်။ ''စားတာ ဘယ်နှစ်ပန်းကန် ရှိပြီနော်၊ သူများ လျှောက်ပြောမှာ'' ဆိုပြီး ကျီစယ်တော့ ရယ်ရင်း ပွင့်ပွင့်လင်းလင်း ဆက်စားကြတယ်။


ရန်ကုန်နဲ့ မန္တလေးက လာကြတဲ့ အလှူရှင်တွေ၊ ဝိုင်းဝန်းကူညီသူတွေကို ကိုဖြိုး၊ ကိုထက်တို့က ကားနဲ့ ကြိုပေးတယ်။ ''ကိုဖြိုးတို့ ကိုထက်တို့က တော်တော်ပင်ပန်းနေပြီ၊ ဒီနေ့ တစ်နေ့လုံး သူတို့ မနားရသေးဘူး'' လို့ ဦးဇင်း ဦးကောဝိဒက မှတ်ချက်ချတယ်။ အလှူပြီးတော့ ဧည့်သည်တွေ ပြန်ခေါ်လာပြီး ရွာက အပြန်မှာ ကားဘီးပေါက်သွားလို့ သူတို့ သွားပြင်ရသေးတယ်။


''တစ်ရွာလုံး ရေအဆင်ပြေသွားပြီ''လို့ ကိုကြီးက ဝမ်းသာအားရ ပြောတယ်။ အနားက စက်မှုဇုန် ရွာတွေမှာတောင် မရရှာတဲ့ ရေကြည်ရေသန့်ကို မြရတနာ ရွာသားတွေ ဝဝလင်လင် သောက်နိုင် ချိုးနိုင်ပါပြီ။


ရွာအတွက် ကိုကြီးက ငွေတစ်သိန်း လှူတာ တရားခွေ ဖွင့်နိုင်၊ တစ်ရွာလုံး တရားနာနိုင်အောင် ကိုဖြိုးတို့ လှူတဲ့ အသံချဲ့စက်နဲ့ တွဲဖက် အသုံးပြုဖို့ ဘက်ထရီအိုး စီမံစေလိုကြောင်း ဆရာတော်က အလှူရှင်ကို အကြံပေးတော့ ကိုကြီးက ကျေကျေနပ်နပ် သဘောတူပါတယ်။


ပင်ပန်းနေတဲ့ အလှူရှင် ကိုဖြိုး၊ ကိုထက်တို့က ဦးဇင်း ဦးကောဝိဒနဲ့ ရန်ကုန်က ဧည့်သည်တွေကို သာသနာ့ဝေပုလ္လ ကျောင်းအထိ ပို့ပေးပြီးမှ မန္တလေးကို ပြန်သွားကြတယ်။


အပတ်စဉ် ဆွမ်းအလှူရှင်တစ်ဦး ဖြစ်တဲ့ ဒေါ်နန်းသန္တာအောင်လဲ စင်ကာပူက ခေတ္တ ပြန်လာခိုက် ကိုယ်တိုင် လောင်းလှူဖို့ စစ်ကိုင်းကို ရောက်လာပါတယ်။ နက်ဖြန် ဆွမ်းလောင်းမှာ ဒေါ်နန်းသန္တာအောင်က ဆပ်ပြာမှုန့် တစ်ထုပ်စီနဲ့ ခေါင်းရိတ်ဓား တစ်ကဒ်စီ သံဃာအပါးစေ့ လောင်းလှူမယ်။ ကိုကြီးက နေ့ဆွမ်းအတွက် ပံ့သကူဝက်သား ၁၅ ပိဿာ လှူတယ်။ အလှူရှင်တွေက ဒီည သာသနာ့ဝေပုလ္လကျောင်းမှာ ညအိပ်ပြီး ကိုယ်တိုင် ဝေယျာဝစ္စ ကုသိုလ်ယူကြမှာ ဖြစ်ပါတယ်။

0 comments: