အကြမ်းထည် ပြီးသွားစ ကျောင်းကလေးပြတင်းပေါက်နဲ့ တံခါးပေါက်ပဲ ကျန်တော့တယ်
အောင်မြေဦးမှ သံဃာတစ်ပါး စာသင်ပေးနေစဉ်အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ သံဃာ သာမဏေများ သီတင်းသုံးဖို့ ကျောင်းလေးတစ်ကျောင်း ဆောက်နေတာ ပြီးစီးပါတော့မယ်။ ကျောင်းလေးက သစ်လုံးတိုင်များနဲ့ ဝါးကပ်မိုး၊ ထရံကာ ဝါးကြမ်းခင်း ကျောင်းလေးဖြစ်ပြီး သာမဏေ ၁၅ ပါး သီတင်းသုံးလို့ ရတယ်လို့ အောင်မြေဦးဆရာတော်က အမိန့်ရှိပါတယ်။
ကျောင်းလေးဆောက်ဖို့ စီစဉ်တော့ ''နေမယ့်သူ (ကိုရင်တွေ)က အဆင်သင့်ပဲ''လို့ ဆရာတော်က မိန့်တယ်။ အောင်မြေဦးမှာ လက်ရှိ ကျောင်းနေကိုရင် အပါး ၇၀ လောက် ရှိပြီး တောင်ပေါ်နဲ့ တောရွာတွေက လေးငါးပါးတစ်တွဲ ကိုရင်လေးတွေ လာလာပို့တတ်ကြပါတယ်။ ဒါပေမယ့် နေရာ မရှိရင် လက်ခံဖို့ ခက်တယ်လို့ သိရပါတယ်။
ချင်းတောင်မှာလဲ တောင်တန်းသာသနာပြုကျောင်း ၄၅ ကျောင်း ရှိပါတယ်။ ချင်းတောင်မှာ အစစ ရှားပါးချို့ငဲ့တော့ သာသနာပြုကြွတဲ့ သံဃာတွေလဲ ချို့ချို့တဲ့တဲ့ နေထိုင်ဘုဉ်းပေးရတယ်။ ရွာသားတွေက ဗုဒ္ဓဘာသာ မဟုတ်တော့ ဆွမ်းခံလို့လဲ မရ၊ စီမံဆက်ကပ်မယ့် ကပ္ပိယလဲ မရှိ၊ ကိုယ့်ဆွမ်းကိုယ်ချက်ပြီး ဘုဉ်းပေးရပါတယ်။ နေတာကတော့ တဲကျောင်းလေးတွေနဲ့ပါပဲ။
သာသနာပြု သံဃာတော် တစ်ပါးကို တစ်လ ဆန် ၁၀ ပြည်၊ ကုလားပဲ တစ်ပြည်၊ စားအုန်းဆီ ၅၀ သား ရပါတယ်။ ဘယ်ဘာသာဖြစ်ဖြစ် ချို့တဲ့တဲ့ သွေးချင်း တိုင်းရင်းသားတွေကြား သာသနာပြုတယ်ဆိုတာ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို နိုင်သမျှ ဖြည့်ဆည်းပေးပြီး ပြုလေ ထိရောက်လေဆိုတော့ တောင်ပေါ်မှာ ဗုဒ္ဓဘာသာ သာသနာပြုရာမှာ ဒီဟာကွက်ကို ဖြည့်ဆည်းမပေးနိုင်သေးတော့ အောင်မြင်မှု နှေးနေတယ်။
ဒေသခံတွေရဲ့ ကွက်လပ်တွေကို ဖြည့်ပေးဖို့ မဆိုထားနဲ့ သာသနာပြု သံဃာတွေအတွက် ပစ္စည်းလေးပါးကိုတောင် နောက်က ဒကာဒကာမတွေ ထောက်ပံ့မှု အားနည်းနေပါသေးတယ်။ ဒီအခက်အခဲကြားထဲက သံဃာတော်များရဲ့ ကြိုးပမ်းမှုနဲ့ ချင်းကိုရင်လေးတွေ ပေါ်ထွန်းလာပြီး မြေပြန့်ဆင်းပြီး ပရိယတ္တိစာပေတွေ သင်ယူနေကြပါပြီ။
တောင်ပေါ်သွေးချင်းတွေဆီ သာသနာ ပြန့်ပွားစေဖို့၊ မြတ်စွာဘုရားရဲ့ တရားတော်ကို တောင်ပေါ်သား ညီနောင်တွေပါ မှီဝဲခံစားခွင့်ရဖို့ တောင်တန်း သာသနာပြု လုပ်ငန်းကိုရော၊ ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေရတဲ့ ချင်းတိုင်းရင်းသား သွေးချင်းများကိုရော တတ်စွမ်းသမျှ လှူဒါန်းအားပေးကြဖို့ နှိုးဆော်ပါတယ်။
ချင်းတောင်မှာ ဘာလိုသလဲ မမေးနဲ့၊ အကုန်လိုတယ် လို့ သိရပါတယ်။ သာသနာပြု သံဃာတွေကို လှူဒါန်းဖို့ သင့်လျော်တဲ့ ပစ္စည်းများကတော့ အခြေခံ စားကုန် (ငါးပိ၊ ငါးခြောက်၊ လက်ဖက်၊ ငါးသေတ္တာ၊ အချိုမှုန့်၊ ပုန်းရည်ကြီး၊ စသည်)တွေ ဖြစ်ပါတယ်။ နောက်က အသိအမှတ်ပြုအားပေးသူ များများစားစား မရှိဘဲ ဖြစ်သလို တောင်တန်းသာသနာပြုရတဲ့ ဗုဒ္ဓဘာသာ သံဃာတွေထက် အားပေးဂရုစိုက်မယ့် အသိုင်းအဝိုင်း လုံလုံလောက်လောက် ရှိတဲ့ အခြားသော သာသနာပြုများက ပိုအောင်မြင်ခရီးပေါက်သွားတာ လက်တွေ့ပါပဲ။
''ငါတို့တွေ ဗုဒ္ဓဘာသာ မဖြစ်တာ နင်တို့ညံ့လို့'' လို့ တိုင်းရင်းသား အဘိုးကြီးတစ်ယောက်က ဘွင်းဘွင်းကြီး ပြောတဲ့အကြောင်း အရှင်ဥာဏဒီပ (ဓမ္မရတနာ)က ရေးဖူးပါတယ်။ ဒီအရှင်ပဲ ချင်းတောင်က ရွာတစ်ရွာကို တခြားဆရာတော်တစ်ပါးနဲ့ ရောက်သွားတော့ ရွာသားတွေက ပြောတယ်။ ''ငါတို့ကလေးတွေကို ပညာသင်ပေးမယ်ဆိုရင် ခေါ်သာသွား''တဲ့။
ဗုဒ္ဓမြတ်စွာဟာ လက်နက်နဲ့ သာသနာပြုခြင်း၊ စစ်မက်နဲ့ သာသနာပြုခြင်း၊ အဓမ္မ သိမ်းသွင်းပြီး သာသနာပြုခြင်းများကို လုံးဝ ခွင့်မပြုပါဘူး။ ကာယကံရှင်ရဲ့ သဘောဆန္ဒမပါဘဲ သရဏဂုံ ဇွတ်တင်ပေးရင်တောင် သရဏဂုံ မမြောက်ဘူးဆိုတာ အတိအလင်း မိန့်ကြားခဲ့ပါတယ်။ ဒီတော့ မေတ္တာနဲ့ ဓမ္မကို အားကိုးပြီးသာ သာသနာပြုခွင့် ရှိတဲ့ သံဃာတော်များကို ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ကြဖို့နဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မေတ္တာတရားနဲ့ ဒါနကို သက်သေပြတဲ့အနေနဲ့ တောင်ပေါ်တိုင်းရင်းသား မောင်နှမတွေအတွက်လဲ အဝတ်အစား၊ စောင်၊ ဆေးဝါး၊ အစားအစာများ နီးစပ်ရာကနေ လှူဒါန်းကြဖို့ နှိုးဆော်ပါတယ်။
တောင်တန်းသာသနာပြုကျောင်း ၄၅ ကျောင်းက သာသနာပြု သံဃာတော်တွေကို လှူဖွယ်ဝတ္ထုများ လှူဒါန်းလိုရင် ချင်းပြည်နယ် သာသနာရေးဦးစီးမှူးရုံး (၀၇၀၇၀၂၂၉) ကို ဆက်သွယ်လှူဒါန်းလို့ ရပါတယ်။ ဦးဇင်း ဦးကောဝိဒထံ ဆက်သွယ် လှူဒါန်းပါကလဲ ဦးဇင်းက ချင်းတောင်သို့ ရောက်ရှိအောင် စီမံပေးမှာ ဖြစ်ပါတယ်။



0 comments:
Post a Comment