Friday, November 27, 2009

စစ်ကိုင်းတောင်ရဲ့ လပြည့်ဝန်းလမ်းလေး ညအမှောင်ချိန် လမ်းမီးလင်းနေပြီ

မီးထိန်လင်းနေတဲ့ လပြည့်ဝန်းလမ်းလေး


မီးရောင်နဲ့ဆိုတော့ ခလုတ်ကန်သင်း မြင်နိုင်ပြီ

စစ်ကိုင်တောင်ရဲ့ လပြည့်ဝန်းလမ်းလေး ညအမှောင်ချိန် လမ်းမီးလင်းနေပြီ။
စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ္ဘာာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။
စစ်ကိုင်းမြို့ ၊ စစ်ကိုင်းတောင်ရိုး မှာရှိတဲ့ လပြည့်ဝန်းလမ်းလေးဟာဆိုရင်လည်း လမ်းသွားလမ်းလာ များတဲ့ လမ်းလေးတစ်ခုပေါ့။ အဲဒီလမ်းလေးရဲ့ ညနေပိုင်းမှာ လမ်းမီးက အလင်းရောင်မရှိတော့ ဆရာတော်ကြီးတွေ လမ်းလျှောက်ကြွတဲ့အချိန်မှာ လမ်းလျှောက်တုတ်လေးတွေ ကိုင်ပြီးစမ်းသွားကြရတယ်။ တစ်ချို့ သီလရှင်များက စစ်ကိုင်းတောင်ရိုး မိုးကုတ်ရိပ်သာဆိုတာရှိတယ် အဲဒီမှာ တရားသွားထိုင်ပြီးအပြန် ဆိုရင် နည်းနည်း မှောင်စပြုလာပြီ။ မိုးတွင်းဆိုရင်လမ်းဘေးက မြက်တွေနည်းနည်းရှိတော့ မြွေ၊ ကင်း၊ စတဲ့အကောင်တွေလည်းလမ်းပေါ်မှာ ရှိနေတတ်ပါတယ်။ အဲဒီအချိန်မှာ လမ်းမီးကမရှိတော့ စမ်းတဝါးဝါး သွားနေကြရတယ်။
စစ်ကိုင်းတောင်မှာ သီတဂူ ဆေးရုံကြီး ရှိတော့ အနယ်နယ်အရပ်ရပ်က ဒါယကာတွေ ဒါယိကာမတွေလည်း နီးစပ်ရာကျောင်းတွေမှာ တည်းခိုပြီးတော့ ဆေးဝါးကုသခံယူ ရာမှာလလည်း ညပိုင်းလမ်းပေါ်ကနေပဲ လျှောက်သွားကြရတယ်။ အဲဒီလို ရဟန်း၊သာမဏေ၊သီလရှင်များနှင့် လူပုဂ္ဂိုလ်များအားလုံးအတွက် ချမ်သာစွာ လမ်းလျှောက်နိုင်ရေးအတွက် လမ်းမီး ထွန်းဖို့ဆန္ဒရှိခဲ့ တာတော့ကြာပါပြီ။ ဦးဇင်းမှာလည်းအခြား အလုပ်လေးတွေနဲ့ဆိုတော့ အဲဒီဘက်ကို ဦးစားမပေးနိုင်ခဲ့ဘူး။
အခုတော့ ဦးဇင်းဆီကို ဒါယကာကိုရန်အောင်တို့ကထိန်လျှောက်ပြီး ခင်းမည့်ရက်မှာ ရန်ကုန်က ကိုညီညီတို့ လာကြတယ်လေ။ အဲဒီမှာကိုညီညီတို့ကို ညပိုင်းလမ်းကိုပြတယ်။ ဒါယကာ ဘယ်လိုမြင်လဲ ။ ဦးဇင်းကတော့ အဲဒီလမ်းမှာမီးထွန်းချင်တယ်။ အများချမ်းသာဖို့အရေး ဒါယကာတို့ ကိုရန်အောင်တို့ကို အကျိုးအကြောင်းပြောပေးဖို့ ပြောလိုက်တော့ သူတို့လည်းသဘောပေါက်နားလည်ကြပါတယ်။ ချက်ချင်းလိုပဲ ကိုရန်အောင်တို့က လှူဖို့သဘောတူကြတော့ ဦးဇင်းလည်းတော်တော် လေးဝမ်းသာသွားမိတယ်။
ဆွမ်းလောင်းရက် မနက်ပိုင်းဆိုရင် ဆွမ်းခံကြွကြတဲ့သံဃာတော်တွေ အမှောင်ထု လမ်းပေါ်ကနေ ကြွနေရာကနေ အခုဆိုရင် အလင်းရောင်ရှိတဲ့လမ်းလေးပေါ်က ကြွလာကြနေပါပြီ။

ဦးကောဝိဒ

0 comments: