Thursday, July 23, 2009

ဇူလိုင် ၂၃ ဆွမ်းအလှူ

သပိတ်တွေထဲ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းစဉ်


အရုဏ်တက် မှောင်ရီဝိုးတဝါး ဆွမ်းဘုဉ်းပေးနေတဲ့ ကိုရင်လေးများ

စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးပြီး စာသင်စာချနေကြတဲ့ သံဃာတော်နဲ့ သာမဏေများကို ဒီနေ့မနက် ၅ နာရီက ဆရာတော် ဦးကောဝိဒရဲ့ ဆွမ်းလောင်းအသင်းက အရုဏ်ဆွမ်း နေ့ဆွမ်း ကပ်လှူခဲ့ကြပါတယ်။

တောင်ကုန်းတွေပေါ်က ကျောင်းအသီးသီးကနေ သံဃာတော်နဲ့ သာမဏေ အပါး ၄၈၀ ဆွမ်းခံကြွလာကြပါတယ်။ အရုဏ်ဆွမ်းကို ကြက်သားကြာဇံချက် လောင်းလှူတော့ စားပွဲကုလားထိုင် မလောက်ငလို့ ဦးဇင်းနဲ့ ကိုရင်လေးတွေ အတော်များများ မညည်းညူဘဲ အဆင်ပြေသလို ဘုဉ်းပေးသုံးဆောင်ကြပါတယ်။ မနေ့က မုန့်ဟင်းခါးဆွမ်း အရုဏ် ကပ်လှူပြီးပြီဆိုတော့ ဒီနေ့အတွက် အပြောင်းအလဲဖြစ်အောင် ကြာဇံချက် ကပ်မယ်လို့ ဦးဇင်းဦးကောဝိဒက အကြံရတာပါ။


ကြာဇံချက်ရော ဆွမ်းရော ကုန်သွားလို့ နောက်လာတဲ့ ကိုယ်တော်တွေ အပါး ၂၀ ၃၀ လောက် မလောင်းလိုက်နိုင်တော့ဘူး။ ဗလာစာအုပ်ပဲ တစ်ပါးတစ်အုပ် လောင်းလှူလိုက်နိုင်ပါတယ်။


ဦးဇင်း ဒီလို မဖြစ်စေချင်ဘူး။ မရလို့ ပြန်သွားရတဲ့ ကိုယ်တော် မရှိစေချင်ဘူး။ အားလုံးကို လောင်းနိုင်ချင်တယ် လို့ ဦးဇင်း ဦးကောဝိဒက မိန့်ပါတယ်။ ကြာဇံချက်ကိုလဲ စကေးနဲ့ မဟုတ်ဘဲ တောင်ပေါ်မှာ ဆွမ်းဆင်းဆင်းရဲရဲနဲ့ ရောင့်ရဲသီတင်းသုံးနေရရှာတဲ့ ကိုရင်လေးတွေ ဦးဇင်းတွေ အဝ ဘုဉ်းပေးဖို့ ပန်ကြားလောင်းလှူတာ ဖြစ်ပါတယ်။ နောက်ဆုံး ကြွလာတဲ့ သံဃာတန်းကို မလောင်းလိုက်နိုင်တော့ ဦးဇင်း စိတ်မကောင်းပြန်ဘူး။ အလှူမှာ ဝေယျာဝစ္စ လာရောက်စီစဉ်လုပ်အားပေးနေတဲ့ ဘလော့ဂါ ကိုပီကေက နောက်ဆုံး သံဃာတန်းကို ဗလာစာအုပ်တွေ ကပ်လှူပါတယ်။

မနေ့က အရုဏ်ဆွမ်း မုန့်ဟင်းခါး ကပ်ပြီး ဘုဉ်းပေးပြီးချိန်မှာ သပိတ်တွေထဲကို ဝက်သားနဲ့ အာလူးဟင်း၊ ပဲဟင်း၊ အစိမ်းကြော်တွေ အပါးစေ့ လောင်းလှူဆက်ကပ်ပါတယ်။ မနေ့ကပဲ ဆွမ်းခံကိုယ်တော် အပါး ၄၀၀ လောက် ဖြစ်လာတော့ ဦးဇင်းနဲ့တကွအားလုံး ဝမ်းသာကြပြီး နောက်ရက်တွေဆို ဒီထက် များလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဦးဇင်းက အပြောင်းအလဲဖြစ်အောင် နက်ဖြန် အရုဏ်ကို ကြာဇံချက် ကပ်မယ်၊ နေ့ဆွမ်းကို ကြက်သား ကပ်ချင်တယ်။ ဝက်ချည်းပဲ ရက်ဆက်ဆိုလဲ အီကုန်မယ်လို့ ဆွမ်းခံကိုယ်တော်တွေဘက်က စဉ်းစားနေပါတယ်။ ကြက်သားက ဈေးကြီးတယ်လို့လဲ ညည်းရှာပါတယ်။ နောက်တော့ အပါးရေများများ လောင်းလှူနိုင်အောင် မနေ့ကလိုပဲ အာလူးက ဝင်ကူညီသွားပါတယ်။

ဆွမ်းခံသံဃာတွေ စာဝါလိုက်ရတာ စာအုပ်အခက်အခဲရှိလို့ တစ်ပါးကို စာအုပ် နှစ်အုပ်ကျစီ လှူဖို့ စီစဉ်ထားပေမယ့် ကြွလာတဲ့ ကိုယ်တော်တွေ ဝမ်းမြောက်ဖွယ် များပြားမှုကြောင့် တစ်ပါး တစ်အုပ်သာ ကပ်နိုင်ပါတယ်။ ခေါင်းရိတ်ဓား အခက်အခဲ ရှိကြလို့ ခေါင်းရိတ်ဓား လှူဖို့ စီစဉ်ထားပေမယ့် ဆွမ်းနဲ့ စာအုပ်ကို ဦးစားပေးလိုက်ရလို့ မတတ်နိုင်တော့ပါဘူး။

တစ်ချို့ကျောင်းတွေဆို မနက် ထမင်းဖြူကို ဆားဖြူးပြီး ဘုဉ်းပေးနေရတာလို့ သိရပါတယ်။ ကိုရင်လေးတွေလဲ သင်္ကန်း နွမ်းပါးကြတယ်။ စစ်ကိုင်းမှာ စာသင်စာဝါလိုက်နေတဲ့ သံဃာနဲ့ သာမဏေ အရေအတွက်က များပြားတော့ ဆွမ်းလဲ ချို့ငဲ့ကြပါတယ်။ လိုအပ်တာတွေ အများကြီး ရှိတဲ့အထဲက ဘာအလိုအပ်ဆုံး အရေးအကြီးဆုံးလဲဆိုတော့ နေ့စဉ် ဘုဉ်းပေးဖို့ ဆွမ်းက အရေးအကြီးဆုံးပဲလို့ ဝေယျာဝစ္စ ကူညီပေးနေတဲ့ ကိုပီကေက ဖြေပါတယ်။


လောက်ငအောင် အပါး ၂၀၀၊ ၃၀၀ စသဖြင့် အပါးရေ သတ်မှတ်ပြီးလုပ်ဖို့ကျတော့ ဒီလို မလုပ်ရက်ဘဲ ဖြစ်နေကြပါတယ်။ စစ်ကိုင်းတောင်မှာ ဆွမ်းခက်ခဲကြတာ အခြေအနေကို အသိဆုံးမို့ စာသင်တိုက် ကျောင်းတိုက်တိုင်းက ကြွလာသမျှ သံဃာတွေကို အပါးရေ မသတ်မှတ်ဘဲ သံဃာစေ့ ကပ်ချင်ကြပါတယ်။ ဒီနေ့ဆို နောက်ပိုင်း ကိုယ်တော်တွေကို မလောက်မှာစိုးလို့ ဆွမ်းနဲ့ ဆွမ်းဟင်းတွေကို အားနာစရာ လျှော့လောင်းရပါတယ်။ ဒီကြားထဲက နောက်ဆုံး သံဃာတွေကို ဆွမ်းရော ဟင်းရော မုန့်ဟင်းခါးပါ ပြတ်သွားတာပါ။



မလောက်ငလို့ ဆွမ်းမရလိုက်တဲ့ ကိုယ်တော်တွေအတွက် အားမရလို့ နက်ဖြန် တစ်ရက် ထပ်တိုးပြီး ရှိတာလေးနဲ့ အဆင်ပြေအောင် လှူဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဇူလိုင် ၂၄ ရက် မနက် ၅ နာရီက စလို့ ကြွလာသမျှ သံဃာ သာမဏေတွေကို မုန့်ဟင်းခါး အာရုဏ်ဆွမ်း ကပ်ပါမယ်။

အရုဏ်ဆွမ်း ကပ်မယ်ဆိုတော့ တောင်ပေါ်ကျောင်းတွေကနေ အရုဏ်ဆွမ်း လာဘုဉ်းပေးနေရချိန်မှာ ဆွမ်းခံချိန် ထိခိုက်မယ်၊ နေ့ဆွမ်းပါ နိုင်သလောက် ကပ်ရင် ကောင်းမယ်လို့ ဦးဇင်းက မိန့်ကြားပါတယ်။ နေ့ဆွမ်းကိုတော့ အသားမပါတော့ဘူး၊ အစိမ်းကြော်နဲ့ ပဲထောပတ် လောင်းမယ်လို့ စီစဉ်လိုက်ရပါတယ်။ နက်ဖြန် မြန်မာစံတော်ချိန် မနက် ၅ နာရီမှာ အလှူ စမှာမို့ အားလုံး ဝမ်းမြောက်ကြည်နူး သာဓု ခေါ်နိုင်ကြပါတယ်။ အလှူနဲ့ ပတ်သက်ပြီး မေးမြန်းချင်ရင် ဦးဇင်း ဦးကောဝိဒရဲ့ဖုန်း (၀၉-၅၉၂၁၁၀၂၂၂)ကို မေးမြန်းလျှောက်ထားနိုင်ကြပါတယ်။


ဒီကောင်းမှုကို ဦးဇင်းနဲ့ အလှူထမြောက်အောင် ကူညီသူများ၊ ဝေယျာဝစ္စ လုပ်အားပေးသူများက အားလုံးကို အမျှ ပေးဝေပါတယ်။

0 comments: