Wednesday, July 22, 2009

စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းလှူပွဲ

ဇူလိုင် ၂၀ နံနက်ခင်း အရုဏ်ဆွမ်း ဘုဉ်းပေးနေသော ကိုရင်လေးများ
လုပ်အားပေး ဒကာဒကာမများ မုန့်ဟင်းခါးဆွမ်း ကပ်လှူနေစဉ်
ကိုရင်လေးများရဲ့ သပိတ်ထဲ ဆွမ်းဟင်းထည့်ပေးနေသော ဦးဇင်းများ (ကင်မရာမှာ ရက်စွဲမှားနေတာ သည်းခံစေလိုပါတယ် )
ဇူလိုင် ၂၀ တနင်္လာနေ့ နံနက်ခင်းမှာ စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံး နေထိုင်ကြတဲ့ သံဃာနဲ့ သာမဏေ အပါး ၃၀၀ ခန့်ကို မုန့်ဟင်းခါး အရုဏ်ဆွမ်း ဆက်ကပ်ခဲ့ပါတယ်။ မနက် ၅ နာရီကစလို့ ကျောင်းတိုက် အသီးသီးက ဆွမ်းခံသံဃာတွေ တစ်တန်းပြီးတစ်တန်း အမှောင်ထုထဲမှာ ကြွလာကြပါတယ်။ မုန့်ဟင်းခါးကို ငါးဖယ်များများ၊ ဘဲဥများများနဲ့ ချက်ပြီး ဆွမ်းလောင်းအဖွဲ့က ဒကာဒကာမတွေက အသင့်စောင့်ကြိုနေကြပါတယ်။
စစ်ကိုင်းတောင်ဟာ သီတင်းသုံးနေထိုင်သူ စာသင်စာချ တရားအားထုတ်သူ သံဃာ သီလရှင်တွေ များပြားတဲ့အတွက် ဆွမ်းအခက်အခဲလဲ ရှိကြပါတယ်။ ဆွမ်းခံချိန်မှာ ဝိနည်းနဲ့အညီ ဖိနပ်မပါတဲ့ ခြေဖဝါးများနဲ့ တောင်တွေကို ကျော် ကုန်းတွေ ကမူတွေကို ဖြတ်ပြီး ဆွမ်းခံအိမ်တွေကို ကြွရတာပါ။ ဒကာဒကာမများရဲ့ စီးပွားရေးအရ တတ်နိုင်သလို လောင်းလှူတဲ့ ဆွမ်းများနဲ့ ကောင်းကောင်းဆိုးဆိုး ရောင့်ရဲဘုဉ်းပေးပြီး ပရိယတ္တိ ပရိပတ္တိ တာဝန်ကို ထမ်းဆောင်ကြပါတယ်။
ဆွမ်းခံပြီးတာနဲ့ စာဝါတွေ ဖိလိုက်ရတော့မယ့် ကိုရင်လေးတွေ၊ စာသင်သား ဦးဇင်းတွေအတွက် များသောအားဖြင့် ဒီလို အလှူရက်တွေမှ အဆင်ပြေပြေ ဘုဉ်းပေးရတာပါ။ ကျန်တဲ့ရက်တွေကတော့ ဆွမ်းခွက်ထဲမှာ အရွက်ကြော် လေးငါးဖတ် ပါတာလဲရှိ၊ ငါးပိနဲ့လဲ ဒါ-ဟင်းပဲဆိုပြီး ဘုဉ်းပေးရတာလဲရှိ။ ရရာနဲ့ ရောင့်ရဲကြရပါတယ်။ ကိုရင်လေးတွေကတော့ ကလေးပီပီ ဒီလို အလှူရက်မျိုးမှာ ပျော်နေတတ်ပါတယ်။ ဦးဇင်း ဦးကောဝိဒက ဒီကိုရင်လေးတွေကနေပဲ သီတဂူဆရာတော်ကြီးတို့လို ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်သွားကြမှာ လို့ အမိန့်ရှိပါတယ်။
မနက်စောစောမှာ သံဃာတွေ တစ်တန်းပြီးတစ်တန်း သင်္ကန်းရုံလို့ ကြည်နူးဖွယ် ကြွလာကြပါတယ်။ လုပ်အားပေး ဒကာဒကာမတွေလဲ မုန့်ဟင်းခါးပွဲတွေ ချကြ၊ သိမ်းကြ၊ နေရာ မလောက်ငလို့ ဖြစ်သလို စီမံကြနဲ့ တက်တက်ကြွကြွ ဗျာများကုန်ပါတယ်။
အရုဏ်ဆွမ်း ကပ်လှူပြီးတော့ သပိတ်တွေထဲကို နေ့ဆွမ်းအဖြစ် ဆွမ်းနဲ့ ဝက်သားဟင်းတွေ ကပ်လှူပါတယ်။ ကျောင်းတိုက်က ဦးဇင်းတွေပါ မနေရဘဲ ဆွမ်းကပ် ဆွမ်းလောင်းတာကို ဝင်စီမံပေးကြပါတယ်။ ကိုရင် ပေါက်စလေးတွေ သပိတ်ထဲကို ဦးဇင်းကြီးတွေက ကြင်နာစွာနဲ့ ဆွမ်းတွေ၊ ဆွမ်းဟင်းတွေ များများ လောင်းလှူပေးနေတာ ဖူးတွေ့ရပါတယ်။
နက်ဖြန် ဥပုသ်နေ့မို့ တခြားအလှူတွေ ရှိနိုင်တာကြောင့် တစ်ရက် နားပါ့မယ်။ သန်သက်ခါ အလားတူ အရုဏ်နဲ့ နေ့ဆွမ်း ကပ်ပါမယ်။ နောက်အပတ်တွေတော့ တစ်ပတ်တစ်ကြိမ် ဖြစ်သွားဖို့ များပါတယ်။ အခုတော့ စစချင်းမှာ သံဃာတွေကို လောင်းရကပ်ရတာ အားရမဆုံးတာမို့ ဒီတစ်ပတ်ထဲ ထပ်လောင်းလှူဖြစ်ကြပါမယ်။

0 comments: